သည်ဟိတ်၊ ဇန်နဝါရီ ၂၈

အစ္စရေးအနေနဲ့ ဂါဇာမှာ ပါလက်စတိုင်းအရပ်သားတွေနောက်ထပ် သေဆုံးမှု မရှိစေရေးနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်တွေ ကာကွယ်ရေးဆောင်ရွက်ရမယ်လို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်ကို တောင်အာဖရိက နိုင်ငံကထောက်ခံကြိုဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၆ ရက်နေ့မှက အဲဒီဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး အစ္စရေးအနေနဲ့ ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သလား၊မကျူးလွန်ခဲ့ဘူးလားဆိုတာကိုတော့ တရားရုံးက ဆုံးဖြတ်ခဲ့တာမရှိသလို အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတာလည်းမရှိခဲ့ပါဘူး။

ဒါပေမယ့် အစ္စရေးရဲ့ ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာပေမယ့် စစ်ပွဲဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ဆိုထားပါတယ်။

အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ မိမိတို့ရဲ့ ကြိုးပမ်းမှုတွေကို ICJ အပါအဝင် ဘယ်သူကမှ တားဆီးလို့ရမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် နေတန်ယာဟုက အသိပေးထားတာပါ။

ဒါ့အပြင် နေတန်ယာဟုက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရားရုံးက ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာဟာ ဆယ်စုနှစ်ကြာအောင် ဖျောက်ဖျက်လို့မရတဲ့ အရှက်ရစရာကိစ္စဖြစ်တယ်လို့ တုံ့ပြန်ထားသလို စစ်ပွဲဆက်လက်ဆင်နွှဲသွားမယ်လို့ ဆိုထားပါတယ်။

တရားရုံးက ချမှတ်ခဲ့တဲ့ အမိန့် ၆ ခုထဲက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ပြောဆိုမှုတွေကို ရှောင်ရှားရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကိုတော့ အစ္စရေးတရားသူကြီး တစ်ဦးက ထောက်ခံခဲ့ပါတယ်။

ICJ က ဟားမတ်စ်အဖွဲ့အနေနဲ့ သူတို့လက်ထဲမှာ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို လွှတ်ပေးရမယ်လို့ ဆုံးဖြတ်ခဲ့သလို သူတို့ရဲ့ဒါဇင်ဝက်လောက်ရှိတဲ့ ညွှန်ကြားချက်တွေဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် တိုက်ပွဲတွေ ရပ်တန့်မှုမရှိဘဲ အကောင်အထည်ပေါ်လာဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့လည်း လေ့လာသူတွေက ဆိုကြပါတယ်။

လက်ရှိအချိန်မှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းသား ၂၆၀၀၀ ကျော် သေဆုံးထားပြီး လူဦးရေ ၂ ဒသမ ၃ သန်းထဲက ၈၅ ရာခိုင်နှုန်းဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ စွပ်စွဲချက်ကို စစ်ဆေးဖို့ နှစ်တွေအများကြီးအချိန်ယူရမှာဖြစ်သလို လက်တလော ICJ ရဲ့ ညွှန်ကြားချက်တွေဟာ ဥပဒေအရ ချည်နှောင်မှုရှိပေမယ့် အစ္စရေးဘက်က လိုက်နာမှာ လားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.