ဘီးလင်း၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ညွှန်ကြားလာတယ်လို့ ဝန်ထမ်းအသိုင်း အဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတဲ့စာအရ ဌာနဆိုင်ရာရုံးဝင်းတွေအတွင်းမှာ ဗုံးခိုကျင်းတွေ အမြန်တူးထားကြဖို့နဲ့ပြုလုပ်ပြီးစီးမှုတွေကို အချိန်နဲ့တပြေးညီ ပြန်လည်တင်ပြကြဖို့ ပါရှိပါတယ်။

ညွှန်ကြားစာထုတ်ပြန်ပြီးနောက် မြို့နယ်ထွေအုပ်ရုံးဝင်းအနောက်ဘက်မှာ စစ်တပ်၊ ရဲနဲ့ထွေအုပ်ဝန်ထမ်းတွေက ဗုံးခိုကျင်းတွေ တူးနေကြသလို ဘီးလင်းမြို့မရဲစခန်းမှာလည်း ဘန်ကာတွေကအစ အသစ်ပြန်လည်ပြုပြင်တာတွေ ရှိနေပါတယ်။

ဒါပေမယ့် ဗုံးခိုကျင်းတူးဖော်ရာမှာ အပြင်လူငှားရမ်းတူးဖော်တာ မလုပ်ဘဲ ကိုယ်တိုင်တူးဖော်ကြဖို့ ညွှန်ကြားထားတဲ့အတွက် လက်ရှိအအချိန်အထိ ဗုံးခိုကျင်းမတူးရသေးတဲ့ ရုံးတွေအများကြီး ရှိနေသေးတယ်လို့ CDM အရာထမ်းဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲကို KNU တပ်မဟာ ၆ ဘက်က ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ အဖွဲ့တွေရောက်ရှိနေပြီး KNU တပ်မဟာ ၁ နယ်မြေထဲက PDF တွေနဲ့ပူးပေါင်းကာ ဘီးလင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီ ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မယ့် သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဏာသိမ်းကာလအတွင်း ဘီးလင်းမြို့နယ်က စစ်ကောင်စီရဲ့ ထွေအုပ်ရုံး၊ ရဲစခန်းအပါအဝင် စစ်ကောင်စီစစ် ဆေးရေးဂိတ်တွေနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်နေတာပါ။

အဲဒီဖြစ်စဉ်တွေကြောင့် စစ်ကောင်စီဟာ ဘီးလင်းမြို့နယ်မှာ အမျိုုးသားနှစ်ဦး ဆိုင်ကယ်အတူ မစီးဖို့အပါအဝင် ညမထွက်ရအမိန့်တွေအပြင် စည်းကမ်းတင်းကျပ်တဲ့ ဒေသန္တရအမိန့်အမျိုးမျိုး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- CJ/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.