ပေါင်၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု ဇင်းဘာရပ်ကွက်မှာ ချဲရောင်းသူအမျိုးသားတစ်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ မုတ္တမနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက် အပြည့်အစုံနဲ့ ဇင်းဘာရပ်ကွက်နေ ချဲရောင်းသူ အသက် ၃၇ နှစ်အရွယ် ကိုအောင်နိုင်ဝင်းတို့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်ရဲ့ ဝင်ရောက်ဖမ်းဆီးမှုအပေါ် ထွက်ပြေးသွားတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ကိုအောင်နိုင်ဝင်းဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုအောင်နိုင်ဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် နောက်ကျော၊နံရိုးနဲ့လက်မောင်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေ ရရှိပြီး သေဆုံးခဲ့ကာ ဇနီးဖြစ်သူကိုလည်း စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အဆိုအရ ကိုအောင်နိုင်ဝင်းတို့ လင်မယားဟာ အနေအေးသူတွေ ဖြစ်ပြီး အခုဖြစ်စဉ်အတွက် ကျေးရွာဘုန်းကြီးတွေအပါအဝင် ဒေသခံတွေက စစ်ကောင်စီထံ တိုင်ကြားဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ် မုတ္တမအပိုင်မှာ စစ်ကောင်စီရဲတပ်ဖွဲ့က လိုင်းကြေးယူပြီး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေအပြင် နှစ်လုံး၊သုံးလုံးချဲရောင်းသူတွေ အမြောက်အများ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ် လော်ဘီတယ်လီဂရမ်အကောင့်တွေမှာတော့ ချဲရောင်းသူ ကိုအောင်နိုင်ဝင်းတို့ နေအိမ်မှာ အကြမ်းဖက်အဖွဲ့လို့ ယူဆရတဲ့သူတွေ ရောက်ရှိနေတဲ့သတင်းအရ ဝင်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုအောင်နိုင်ဝင်းတို့ နေအိမ်မှာ ဘယ်သူမှ မရှိဘဲ ချဲရောင်းတဲ့ သူတို့လင်မယား နှစ်ဦးသာ ရှိနေပြီး ဖြစ်စဉ်ပြီးနောက် ရဲတပ်ဖွဲ့က ချဲစာအုပ်တစ်အုပ်နဲ့ ငွေကြေးတချို့ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း ပေါင်မြို့နယ် မုတ္တမကျွဲခြံကျေးရွာမှာ ဘိန်းစာရွက်ရောင်းတဲ့ အမျိုးသားတစ်ဦး စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးထားတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.