ဝါရှင်တန်၊ဇန်နဝါရီ ၂၈

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တူရကီနိုင်ငံကို ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိတဲ့ F-16 တိုက် လေယာဉ်တွေ ရောင်းချဖို့ သဘောတူလိုက်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က လွှတ်တော်ကို အသိပေးလိုက်ပါတယ်။

လော့ခ်ဟီးမာတင် ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်အစီး ၄၀ နဲ့ ခေတ်မှီဆန်းသစ်ရေး ကိရိယာ ၈၀ ကို တူရကီထံ ရောင်းချဖို့ သဘောတူလိုက်တာပါ။

ဒီသဘောတူညီမှုဟာ တူရကီက ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေး တရားဝင်သဘော တူလိုက်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး ဒီကိစ္စနှစ်ခုဟာ တိုက်ရိုက်ဆက်စပ်နေတာဖြစ်နိုင် တယ် လို့ ဆိုနေကြပါတယ်။

ဒါ့အပြင် ဘိုင်ဒန်အစိုးရက F-35 တိုက်လေယာဉ်အစီး ၂၀ ကို နေတိုးမဟာမိတ် ဂရိဆီ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံနဲ့ရောင်းချဖို့လည်း ခွင့်ပြုခဲ့ပါသေးတယ်။

တူရကီက F-16 တိုက်လေယာဉ်ဝယ်ယူဖို့ ၂၀၂၁ ခုနှစ်အောက်တိုဘာလတည်းက တောင်းဆို ခဲ့တာဖြစ်ပေမယ့် ဆွီဒင်နေတိုးအဖွဲ့ဝင်ဖြစ်လာရေး တူရကီရဲ့ သဘောတူညီမှု ထွက်ပေါ်မလာ သေးတာကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့ သိရပါတယ်။

လပေါင်း ၂၀ ကြာ ကြန့်ကြာနေခဲ့ပြီးနောက် တူရကီလွှတ်တော်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ်အတည်ပြုခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်က တိုက်လေယာဉ်တွေ ရောင်းချပေးဖို့ သဘောတူညီခဲ့တာပါ။

တူရကီအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးစောင့်ထိန်းမှုဆိုင်ရာ မှတ်တမ်း ပိုအားကောင်းလာဖို့ လုပ်ဆောင်ရမှာဖြစ်သလို ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို တာဝန်ခံခိုင်း ရေးအတွက်လည်း ဖိအားပေးရမှာဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တိုက်လေယာဉ်တွေရောင်းချဖို့ ခွင့်ပြုကြောင်း အသိပေးမှုကို လွှတ်တော်က ကန့်ကွက်မယ်ဆိုပါက ၁၅ ရက်အတွင်း ကန့်ကွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လွှတ်တော်က ကန့်ကွက်ဖို့မရှိနိုင်ဘူးလို့ အမေရိကန် လွှတ်တော်အမတ်တွေက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.