ကျိုက်မရော၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းပတ်ဝန်းကျင်က ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်ကနေ ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယအပတ်ကစပြီး ရဲစခန်းပတ်ဝန်းကျင်ရှိ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဝင်ရောက်ဖောက်ထွင်ပြီးနောက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ မီးရှို့ဖျက်ဆီးခံရတာကြောင့် နေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက် စီးထားပြီး နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းတွေကို စစ်ကောင်စီတပ်က ရဲစခန်းထဲသယ်ဆောင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ချောင်းနှစ်ခွရဲစခန်း ပတ်ဝန်းကျင်က နေအိမ်မီးရှို့ဖျက်ဆီးမှုဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်လို့မရအောင် စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

နေအိမ်မီးမရှို့ခင် စစ်ကောင်စီတပ်ဟာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ဆိုင်ကယ်တွေကိုလည်း ဖောက်ထွင်းယူဆောင်သွားပြီး ရဲစခန်းတည်ရှိရာ မြသီတာရပ်ကွက်မှာ နေအိမ်မီးရှို့ခံရတာကြောင့် ကုန်သလောက်နီးပါးဖြစ်သွားပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုအပါအဝင် လက်နက်ကြီးနဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ချောင်းနှစ်ခွဒေသခံကို ပြန်လည်ထိန်းချုပ်ပြီးနောက် ချောင်းနှစ်ခွ၊ တောင်ကလေး၊လှကဇိုင်းကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံနေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းမှု ကျူးလွန်ထားတာပါ။

ချောင်းနှစ်ခွတိုက်ပွဲ စစ်ရှောင်ပြည်သူ ၃၀၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးသလို စစ်ရှောင်နေ့ရက် ရှည်ကြာလာတာနဲ့အမျှ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လို အပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.