တနင်္သာရီ၊ ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ် ကျေးရွာ အုပ်စု လေသာတောင် ဆက်သွယ်ရေးစခန်းကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ ထိုးဒါကြီးရှိ (ဒေသအခေါ်) လေသာတောင် ဆက်သွယ်ရေးကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ လေသာတောင်ပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောင်အောက်ဘက်မှာ ရေဆင်းခပ်တဲ့အချိန် ပြည်သူ့ကာကွယ် ရေးပူပေါင်းအဖွဲ့တွေက ကင်း ပုန်း၀ပ်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲ အချိန် နာရီ၀က်ခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သာ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်း ထန်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က သတင်းနှင့် ပြန်ကြာရေး တာ၀န်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ သေနတ်တွေကို ရယူနိုင်ခြင်း မရရှိခဲ့သလို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းအဖွဲ့ တွေက အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ် ကြောင်း (၂) မှ စစ်ကြောင်းမှူးတွေရဲ့ ဦးဆောင်မှုဖြင့် တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း တနင်္သာရီတိုင်းက ပထမဆုံး စခန်းသိမ်း တိုက်ပွဲအဖြစ် ထား၀ယ်မြို့နယ် အရှေ့တောဒေသရှိ စစ်ကောင်စီ ကျောက်ထုတပ်စခန်းကို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်တွေက တိုက် ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)