ချောင်းဆုံ၊ ဇန်နဝါရီ ၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာမှာ မနေ့ ဇန်နဝါရီ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ အဝီစိရေတွင်းတူးတဲ့ အမျိုးသား ၃ ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကလွီကျေးရွာနေ ဦးကျော်သက် နေအိမ်ခြံဝင်းအတွင်း အဝီစိရေတွင်းတူးဖော်နေတဲ့ လုပ်သားတွေဖြစ်တဲ့ ဦးလှသန်း၊ မောင်စိုး၊ အောင်ခိုင်စိုးတို့ဟာ တွင်းထဲက သံပိုက်တွေကို ပြန်ဆွဲထုတ်ချိန် လမ်းမီးဓာတ်ကြိုးနဲ့ သံပိုက်ထိမိပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

“သူတို့ ၃ယောက်က တွင်းထဲက ပိုက်တွေကို ဆွဲထုတ်နေတာ။ ပိုက်တွေက ၅ ချောင်းဆက်ဆိုတော့ အရှည်ကြီး။ အဲဒါကို တစ်ခုချင်းမဖြုတ်ဘဲ ဆွဲထုတ်တော့ မထိန်းနိုင်ဘဲ လမ်းမီးကြိုးနဲ့သံပိုက်ထိပြီး ဓာတ်လိုက်သွားတာ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဓာတ်လိုက်ချိန်အနီးအနားမှာ ဘယ်သူမှ မရှိတဲ့အတွက် အဝီစိရေတွင်းတူးဖော်နေတဲ့ လုပ်သား ၃ ဦးလုံး နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဝီစိရေတွင်းတူး လုပ်သား ၃ ဦး ဓာတ်လိုက်သေဆုံးမှုကို ဒေသခံတွေက ချက်ချင်းမသိဘဲ အသားနဲ့ဆံပင်တွေ မီးလောင်လို့ ညှော်နံတွေ ထွက်လာမှ ပတ်ဝန်းကျင်က လူတွေသိရှိခဲ့ရတာပါ။

သေဆုံးသူ ၃ ဦးလုံးဟာ ကလွီကျေးရွာသားတွေ မဟုတ်ဘဲ ချောင်းဆုံမြို့ပေါ်က ဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ချောင်းဆုံပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.