ချောင်းဆုံ၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းမှာ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲ ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ အကြီးအကျယ် ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဦးအောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲဟာ ချောင်းဆုံမြို့နယ် သက္ကောကျေးရွာမှာ လောင်းကစားဝိုင်းကို ကန်ထရိုက်ယူပြီး ဖွင့်လှစ်ထားသလို ကျန်ကျေးရွာတွေမှာလည်း ဘုရားပွဲအပါအဝင် အကြောင်းပြချက်အမျိုးမျိုးနဲ့ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတာပါ။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ လောင်းကစားဝိုင်းတွေမှာ အနီထောင်၊ဖဲ၊ အန်ဂလုံနဲ့ကြက်ဝိုင်းတွေကအစ ဖွင့်လှစ်ခွင့်ပေးထားတာဖြစ်ပြီး အကောက်အဖြစ် ဝိုင်းအမျိုးအစားအပေါ် မူတည်ပြီး အနည်ဆုံးကျပ် တစ်သိန်းခွဲကနေ သိန်းဆယ်နဲ့ချီ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

လောင်းကစားဝိုင်းတွေက ရရှိလာတဲ့ အကောက်ငွေတွေကို ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ ဦးအောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲ ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ စရဖကိုဖြိုးဆိုသူတွေက ငွေသိမ်းတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရရှိပါတယ်။

ဒါ့အပြင် ရရှိလာတဲ့ အကောက်ငွေကို ဦးအောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲအပါအဝင် စစ်တပ်၊ ရဲ တပ်ဖွဲ့အရာရှိတွေအပြင် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက အချိုးကျခွဲဝေယူကြပြီး လောင်းဝိုင်းကစားဝိုင်းတွေရဲ့ လုံခြုံရေးကို ရဲတပ်ဖွဲ့ဘက်က ဆောင်ရွက်ပေးရတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးကတော့ ချောင်းဆုံမြို့နယ်ထဲမှာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လောင်းကစားဝိုင်းတွေ အကြီးအကျယ် ပြုလုပ်လာတဲ့အတွက် ခိုးဆိုးလုယက်မှုတွေ တစ်နေ့တခြား ပိုမိုများပြားလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ချောင်းဆုံမှာက နေရာအစုံမှာပဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ပြုလုပ်နေတာ။ သူတို့က(ဦးအောင် ကြည်သိန်း ညီမဝမ်းကွဲ) ပွဲမရှိရင်တောင် ဒီအတိုင်းတောင် အာဝါဒေတွေ ပေးနေကြတာ။ ဒီလိုလောင်းကစားဝိုင်း များလာတာနဲ့ ဒုစရိုက်မှုက ပေါလာတာပဲ။ ဒါတော့ သိသာပါတယ်။ နောက်ပြီးတော့ ဆိုင်ကယ်ပျောက်များတာကလည်း လောင်းကစားဝိုင်းသွားရင်းနဲ့ပဲ ပျောက်တာက ပိုများနေတယ်”လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က ချောင်းဆုံဒေသခံ ၁၀ ဦးကို စုံစမ်းမေးမြန်းမှုအရ ချောင်းဆုံမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းတွေကို အမည်စုံစမ်းဆဲ ဦးအောင်ကြည်သိန်းရဲ့ညီမဝမ်းကွဲဖြစ်သူ ဦးဆောင်နေတယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။

လောင်းကစားဝိုင်းတွေကို စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ညီမဝမ်းကွဲ ဦးဆောင်ပြီး လုပ်တဲ့အတွက် ဒေသခံတွေအနေနဲ့ တိုင်းကြားလို့ မရဲသလို တိုင်းကြားပါကလည်း တိုင်းကြားသူအ တွက် အသက်အန္တရာယ်ရှိနိုင်တာကြောင့် နှုတ်ဆိတ်နေရတယ်လို့ ဆိုကြပါတယ်။

ချောင်းဆုံဒေသခံ တစ်ဦးကလည်း လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းက လူငယ်တွေရဲ့ စိတ်ဓာတ်တွေ ပျက်ပြားမှုတွေရှိလာပြီး တချို့မိသားစုဝင်တွေမှာ အိမ်တွင်းရေး ပဋိပက္ခတွေပါ ဖြစ် လာတယ်လို့ ပြောပါတယ်။

“ဒီလောင်းကစားဝိုင်းတွေက နေရာတိုင်းမှာ ရှိတယ်။ ပွဲဖြစ်ရင်လည်း ရှိတယ်။ ပွဲမဖြစ်ရင်လည်း အာဝါဒေတွေ ဘာတွေတော့ ရှိတယ်။ လူငယ်တွေကျတော့ ကစားဖူးတဲ့သူတွေ အားကစားပိုင်း လူတွေလည်း လောင်းကစား ဝိုင်းဘက်ကို စိတ်ဝင်စားသွားတာများတယ်။ အရင်တုန်းကတော့ သူတို့အားကစားပဲ စိတ်ဝင်စားတယ်။ ဒီနောက် ပိုင်းက လောင်းကစားက တအားပေါလွန်းလို့ သူတို့က လောင်းကစားဘက်ကို စိတ်ပါသွားတဲ့ ဟာတွေလည်း ရှိတာပေါ့။ အဲဒီလိုကစားလို့ သိန်း ၂၀၀ လောက် ကုန်သွားပြီးတော့ အခုနိုင်ငံခြားမှာ ထွက်သွားရတဲ့သူတွေလည်း ရှိတယ်”လို့ ဆိုပါတယ်။

ချောင်းဆုံမြို့နယ်အတွင်း လောင်းကစားဝိုင်းတွေကြောင့် မကြာခဏဆိုသလို ဆိုင်ကယ်ခိုးမှုတွေ သိသိသာသာ များလာတဲ့အပြင် နေအိမ်တွေအတွင်း ဝင်ရောက်ပြီး ပစ္စည်းခိုးမှုတွေပါ ရှိလာတဲ့အ တွက် ကိုယ့်လုံခြုံရေး ကိုယ်ယူနေရတဲ့ အခြေအနေထိ ဖြစ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ်ရဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာအရ မွန်ဒေသအတွင်းမှာ စစ်ကောင်စီလက်ထက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အာဏာကို အလွဲသုံးစားပြုလုပ်ပြီး ဆိုင်ရာပိုင်ရာတွေနဲ့ပေါင်းကာ တရားဥပဒေကို လက်တလုံးခြား လုပ်လာကြသလို သူတို့ရဲ့ ရပ်ရွာထဲမှာလည်း လောင်းကစားဝိုင်းတွေဖွင့်ပြီး ပွဲတော်သဖွယ် လုပ်စားလာကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းတွေ ပြုလုပ်တဲ့အပေါ် တိုင်းကြားပါကလည်း လာဘ်ထိုးပြီး တရားခွင်ကို အနိုင်ယူတက်သလို တိုင်တန်းသူကသာ ဘေးဥပါဒ်ရောက်ကြပြီး အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရကာ ဒေသခံတွေအနေနဲ့ သည်းခံနေကြရုံမှတပါး တုံ့ပြန်နိုင်စွမ်းကြဘူးလို့ အစီရင်ခံစာမှာ ဖော် ပါရှိပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း ချောင်းဆုံ၊မော်လမြိုင်၊ ဘီးလင်းနဲ့ပေါင်မြို့နယ်တို့မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ပြုလုပ်လာကြသလို တချို့မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.