သံဖြူဇရပ်၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်လမ်းပိုင်းမှာ သံဖြူဇရပ်မြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၅) အမြောက်တပ်ရဲ့ တပ်ရင်းမှူးဇနီး အသတ်ခံရမှုအပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က တပ်ရင်းမှူးဇနီး ဒေါ်အိသီရီကျော်နဲ့ အဖော်အမျိုးသမီးတစ်ဦးတို့ဟာ သိမ်ဇ ရပ်မှာ အကြွေးတောင်းဖို့ ကားတစ်စီးနဲ့ လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရ တယ်လို့ သိရပါတယ်။

အဲဒီနောက် ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း တပ်ရင်းမှူးဇနီး ဒေါ်အိသီရီကျော်တို့ဟာ ရဲဘော်တစ်ဦးထံကနေ သေနတ်လုထွက်ပြေးသွားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

သေဆုံးသွားတဲ့ တပ်ရင်းမှူးဇနီးနဲ့အဖော်အမျိုးသမီးတို့ရဲ့ အလောင်းတွေကို စစ်တောင်းမြစ်ထဲ မျောချခဲ့ပြီး ဖုန်း၊ ကားနဲ့ပိုက်ဆံတချို့ သိမ်းဆည်းခဲ့တယ်လို့ ကျိုက်ထို LDF အဖွဲ့ ဗိုလ်သော်ဆိုသူက သတင်းမီဒီယာတချို့ကို အင်တာဗျူး ဖြေဆိုထားတာပါ။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ တပ်ရင်းမှူးဇနီး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပြီး မှန်ကန်ပါက ပြစ်မှုကျူးလွန်သူတွေကို ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ကလည်း တပ်ရင်းမှူးဇနီး အသတ်ခံရတဲ့သတင်း လူမှုကွန်ရက် တွေမှာ ပျံ့နှံ့လာတဲ့အတွက် အသေးစိတ်စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ အသတ်ခံရတဲ့ တပ်ရင်းမှူး ဇနီးဒေါ်အိသီရိကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ကတည်းက ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်း ပြတ်စဲထားကြောင်းနဲ့ ဖမ်းဆီး ခံရစဉ် ပြတ်စဲကြောင်း အတည်ပြုချက်အတွက် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီအောင်နဲ့ နောက်ဆုံးစကား ပြောဆိုခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ် သထုံခရိုင်ထဲမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ပြည်သူ့ကာကွယ်ရေးတပ်တော် PDF အပါအဝင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၂၆ ဖွဲ့ထက်မနည်း စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေ မချိုးဖောက်ကြဖို့ ဇန်နဝါရီ ၂၃ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းဝေးအတွင်း သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

သံ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.