သံဖြူဇရပ်၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီး ရော်ဘာခြံအတွင်း ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ရိုဟင်ဂျာ ၁၁၇ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရိုဟင်ဂျာလူမျိုးတွေ ရောက်ရှိနေတဲ့ သတင်းအရ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ကုန်တင်ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ ကလေးငယ် ၉ ဦး၊ အမျိုးသမီး ၅၀ ဦး၊ အမျိုးသား ၅၈ ဦး၊ စုစုပေါင်း ၁၁၇ ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး သူတို့ကို သံဖြူဇရပ်မြို့ အားကစားခန်းမထဲမှာ ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာလူမျိုးတွေကိုတော့ စစ်ကောင်စီက စစ်ဆေးမေးမြန်းတာတွေ လုပ် ဆောင်ပြီး သက်ဆိုင်ရာ ဥပဒေတွေအတိုင်း အရေးယူသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒီရိုဟင်ဂျာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ ရေကြောင်းကတဆင့် ဝင်ရောက်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၂ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ဝဲခမီကျေးရွာအနီးရှိ ရော်ဘာခြံတွေထဲမှာ ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ရေလမ်းကြောင်းကတဆင့် အသက်စွန့်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာလူမျိုး ၅၇၀ နီးပါး ပျောက်ဆုံးသေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.