မော်လမြိုင် – ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် ဥပဒေတာဝန်ခံ ရှေ့နေ ဒေါ်ခင်နှင်းဌေး(ခ) မအိမ်ဂျယ် အသက် ၃၀ နှစ်နဲ့ မဲအိုးကျေးရွာဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ်က ရှုတ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ဘီလူးစစ်ကြောင်းလို့ အမည်ခံထားတဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မဲအိုးကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တာ၊လုယက်တာတွေကျူးလွန်ပြီးနောက် ရွာသား ၁၅ ဦးကို ဖမ်ဆီးခေါ်ဆောင်သွားခဲ့တာပါ။
စစ်ကောင်စီ ခမရ-၇၀၈ နဲ့ ခလရ -၁၁ တပ်ရင်းက ဘီးလူးစစ်ကြောင်းအမည်ခံထားတဲ့ စစ်ကြောင်းဟာ ဒီပဲယင်းနဲ့ ရေဦး မြို့နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်ကာ လူသတ်၊ လုယက်၊မီးရှို့၊မုဒိမ်းမှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
တော်လှန်ရေးကာလအတွင်း ပြည်သူတွေ ဥပဒေမျှတမှုနဲ့ အမှုမှန်ပေါ် ပေါက်ရေး ဆောင်ရွက် နေတဲ့ ဥပဒေတာဝန်ခံ ဒေါ်ခင်နှင်းဌေး(ခ) မအိမ်ဂျယ်ကို အဲဒီစစ်ကြောင်းက အုပ်စုဖွဲ့ အဓမ္မပြု ကျင့် သတ်ဖြတ်ပြီးနောက် အလောင်းကို မီးရှို့ကာ သက်သေခံအထောက်အထားတွေ ဖျောက် ဖျက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ဘီလူးစစ်ကြောင်းက ကိုဇော်ဝင်း၊ကိုထွန်း၊ကိုအောင်မြင့်ကျော်(ခ) ကိုကုလား၊ ကိုဇင်မင်းညွန့်(ခ) တာပုတို့ကိုလည်း ခြေဖြတ်၊လက်ဖြတ်၊ခေါင်းဖြတ်သတ်တာတွေ လုပ်ခဲ့ သေးတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းက ကျေးရွာသား ၁၅ ဦးကိုဖမ်းဆီးခဲ့ပြီး ၅ ဦးကိုသတ်ဖြတ်ကာ ၃ ဦးကိုပြန်လည်လွှတ်ပေးခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူ ၇ ဦး ပျောက်ဆုံးနေပါသေးတယ်။
အဲဒီလို ဥပဒေမဲ့ ကျူးလွန်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စာရင်းပြုစုထားကာ အရေးယူနိုင်ရေး ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများသမဂ္ဂ အဖွဲ့ချုပ်က အသိပေးထား ပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၂၀၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NPLUFM