ပခုက္ကူ – ဇန်နဝါရီ ၂၅
မကွေးတိုင်း၊ပခုက္ကူ-ရေစကြိုကားလမ်းက ပခုက္ကူ GTC ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက အမေများနေ့အထိမ်းအမှတ်အဖြစ် ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
GTC ကျောင်းဝန်းအတွင်းမှာရှိတဲ့ ရေစင်ကို ရေစက်အပိတ်အဖွင့်လာလုပ်တဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးလုံးသေဆုံးသွားတာပါ။
“ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုက ယုံကြည်အားကိုးရတဲ့ PDF သားကောင်းတွေဖြစ်အောင် ကြိုးစားနေပါတယ်”လို့ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ Southern YSO PDF တာဝန်ခံ ကိုအောင် မောင်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နိုင်အောင် အဘက်ဘက် က ဝိုင်းဝန်းကူညီပေးကြဖို့လည်းသူက တိုက်တွန်းခဲ့ပါသေးတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပခုက္ကူမြို့နယ် ဆေးရုံးကြီးကို သယ်ဆောင်သွားတယ်လို့ဒေသခံတွေက ဆိုထားပါတယ်။
ပခုက္ကူမြို့မှာ စစ်ကောင်စီလူကြီးလမ်းကြောင်းရှိနေတာကြောင့် တိုက်ခိုက်ခံထားရပေမယ့် အခုချိန်ထိ စစ်ရေးလှုပ်ရှားမှု မရှိသေးဘူးလို့ တော်လှန်ရေးတပ်တွေက သံလွင်တိုင်းမ်ကို အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Southern YSO PDF