မော်လမြိုင်၊ ဇန်နဝါရီ ၂၅

နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီက နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင်အင် အားတွေစည်းရုံးပြီး ပါတီဝင်အမာခံတွေနဲ့ ပြည်သူ့လုံခြုံရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလာပါတယ်။

အာဏာသိမ်း သုံးနှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ မြို့ပေါင်း ၃၀ ထက်မနည်း၊ စစ်ကောင်စီတပ်စခန်း ရာနဲ့ချီ လက်လွှတ်ဆုံးရှုံးလာရပြီးနောက် နိုင်ငံရေးပါတီတွေကို ပြည်သူ့လုံခြုံရေးမှာပါဝင်ကြဖို့ စစ်ကောင်စီဘက်က လေသံစပစ်လာတာပါ။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ကြေးမုံတို့ရဲ့ ဇန်နဝါရီ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့ထုတ် ဖော်ပြချက်တွေအရ လက်ရှိကာလဟာ နိုင်ငံတော်အချုပ်အခြာအာဏာ ထိခိုက်လာတဲ့အတွက် ပါတီတွေအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ရမယ့် အချိန်အခါဖြစ်တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် နိုင်ငံရေးပါတီဝင်တွေအနေနဲ့ ပါတီရဲ့ အမာခံဖြစ်သလို ဒီမိုကရေစီရဲ့ အမာခံဖြစ်ဖို့ လိုအပ်တာကြောင့် ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်အသုံးချဖို့ လိုအပ်ကြောင်း နိုင်ငံရေးပါတီတွေကို ပြည်သူ့လုံခြုံရေးပါဝင်ကြဖို့ တိုက်တွန်းလာတာပါ။

စစ်ကောင်စီ မှတ်ပုံတင်ချပေးထားတဲ့ ပအိုဝ်းမျိုးသားအဖွဲ့ချုပ်ပါတီ PNO တွဲဘက် အတွင်းရေးမှူး ၂ ခွန်ထွန်းရွှေကတော့ ပါတီတွေအနေနဲ့ ဒေသလုံခြုံမှုရှိဖို့အတွက် နိုင်ငံရေးအရ ဖြေရှင်းကြဖို့သာ တိုက်တွန်းနိုင်ပြီး ပြည်သူ့ဘဝလုံခြုံရေးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေမှာသာ တာဝန်ရှိတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ဆိုးချင်းကောင်းချင်းတော့ မပြောလိုဘူးလေ။ ဒီတိုင်းပြည် တည်ငြိမ်အေးချမ်းအောင်တော့ ပါတီမှမဟုတ်ဘူး။ အားလုံးသော မြန်မာနိုင်ငံသားတွေမှာ တာဝန်ရှိတာပေါ့ဗျာ။ ဒါကတော့ ပါတီအနေနဲ့ လုပ်ပေးနိုင်တာကတော့ ဒီဒေသလုံခြုံအောင် နိုင်ငံရေးအရဖြေရှင်းကြဖို့ အကြမ်းဖက်လက်နက်ကိုင်နဲ့ ရှင်းတာကတော့ ဒါကကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းအစဉ် အလာလည်း မကောင်းဘူး။ တိုင်းပြည်အတွက် ဘာအကျိုးမှမရှိတာ။ နိုင်ငံရေးပါတီကတော့ နိုင်ငံ ရေးနည်းလမ်းနဲ့ ရှာဖို့တိုက်တွန်းရမှာပေါ့။ လူထုဘဝ လုံခြုံမှုရှိအောင်ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ရှိတာပေါ့။ နိုင်ငံရေးပါတီတွေက နိုင်ငံရေးနဲ့ရှင်းမယ်။ စည်းရုံးရေးနဲ့ ရှင်းမယ်။ လူထုပါဝင်မှုရှိအောင် လုပ်ဆောင်ရမှာပေါ့”လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေးပါတီ ၆၃ ပါတီ မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီ ၄၀ ကိုတော့ စစ်ကောင်စီက ပါတီဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

ပါတီမှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၇ ပါတီကိုသာ မှတ်ပုံတင်ချထားပေးတာ ဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကတော့ နိုင်ငံရေးပါတီတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေအောက်က သွားတာဖြစ်တဲ့အတွက် ပြည်သူ့လုံခြုံရေး လုပ်ဆောင်ဖို့ တာဝန်မရှိသလို စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ အခြေအမြစ်မရှိဘူးလို့ ဝေဖန်တာပါ။

“ပြည်သူ့လုံခြုံရေးအတွက်ကတော့ ပါတီတွေအနေနဲ့ ဘယ်လိုနည်းနဲ့ပူးပေါင်း ဆောင်ရွက်မလဲ။ ပါတီတွေဆိုတာ က ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သူတို့မှာ လုပ်ပိုင်ခွင့်က ဘာမှမရှိဘူး ပြောလို့ရတယ်။ အဲဒီတော့ ပြည်သူ့လုံခြုံရေးကို ပါတီတွေအနေနဲ့ အရင်ကလည်းလုပ်ဖို့ တာဝန်မရှိဘူး။ ပြ ဋ္ဌာန်းထားတာတွေလည်းမရှိဘူး။ ဒီအချိန်မှာလည်း ပါတီတွေအနေနဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ်တော့ ဘယ်ပါတီကမှ အဲဒီလိုရှေ့ကရပ်ပြီးတော့ ပြည်သူကိုသွားပြီးတော့ စစ်ကောင်စီ ကောင်းပါတယ်၊ စစ်ကောင်စီကို ကာကွယ်ပါလို့ စည်းရုံးနေမှာလည်း မဟုတ်ဘူး။ ဒီလိုဆိုတော့ သူတို့ပြောတာက ဘာမှခြေခြေမြစ်မြစ် မရှိဘူးပေါ့”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်တွေက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့နဲ့ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းဖို့ တည်ငြိမ်အေးချမ်းမှုရရှိဖို့လိုတာကြောင့် အားလုံးပါဝင်တဲ့ ပြည်သူ့လုံခြုံမှုစနစ် ဆောင်ရွက်သွားဖို့လိုတယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့က မှတ်ပုံ တင်ချပေးထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေ ပြည်သူ့လုံခြုံရေးမှာ ပါဝင်ကြဖို့ စစ်ကောင်စီရဲ့ ပြောဆိုမှုတွေဟာ ပါတီဝင်တွေကို ပြည်သူ့စစ် ဒါမှမဟုတ် ရပ်ရွာလုံခြုံရေးကိစ္စဆိုင်ရပ်တွေမှာ လက်နက်ကိုင်ပြီး တာဝန်ထမ်းဆောင်ခိုင်းဖို့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ ပြန်လည်မှတ်ပုံတင်ထားပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍမှေးမှိတ်ပျောက်ဆုံးနေသလို စစ်ကောင်စီ အသုံးချခံမဖြစ်ဖို့ လိုအပ်တယ်လို့ ထောက်ပြမှုတွေ ရှိနေတာပါ။

လက်ရှိမှာလည်း စစ်ကောင်စီ အသစ်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရဲ့ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် မှတ်တင်ထားတဲ့ နိုင်ငံရေးပါတီတွေ ထပ်မံဖျက်သိမ်းခံရမယ့် ကိန်းဆိုက်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.