မော်လမြိုင်၊ ဇန်နဝါရီ ၂၅
တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အပစ်ခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက ကျိုးပျက်စေလိုတဲ့အတွက် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ရန်စမှုတွေအပေါ် ညီနောင်မဟာမိတ်သုံးဖွဲ့က သည်းခံနေရတယ်လို့ ထုတ်ပြောလာတာပါ။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA၊ ရခိုင်အဖွဲ့AA တို့ဟာ ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို သည်းခံနေတာကြောင့် တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၈၈ ရက်မြောက် ဇန်နဝါရီ ၂၂ ရက်နေ့အထိ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်သုံးဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်တော့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ မြေပြင်မှာ အလစ်ငိုက်စစ်ဆင်မှုကြောင့် တအောင်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။
စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား ၈ မိုင်မှာ “ဟိုင်ဂင်သ ဘောတူညီမှု”ကို ချိုးဖောက်ပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ညီနောင်သုံးဖွဲ့က ထုတ်ပြောပါတယ်။
ဒါပေမယ့် နှစ်ဘက်တပ်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်ကြောင့် ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေ ၊ ဗျူဟာကုန်းတွေကို ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်တာတော့ မရှိခဲ့ပါဘူး။
တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော်က ညီနောင်သုံးဖွဲ့အနေနဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ ရန်စမှုတွေကို သည်းခံနေတာဟာ နောင်တိုက်ပွဲတွေအတွက် ပြင်ဆင်တာဖြစ်နိုင်ပြီး သ ဘောတူညီချက်ကို စဖောက်တာ စစ်ကောင်စီပါလို့ တရုတ်ကို ပြချင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“နောင်တိုက်မယ့် တိုက်ပွဲတွေအတွက် သူ့တပ်ကိုသူ (ညီနောင်သုံးဖွဲ့ ) ပြင်နိုင်တယ်။ သူ့တပ်ကို နည်းနည်း အနားပေးနိုင်တယ်။ လိုအပ်တဲ့ လက်နက်ဘာညာဖြည့်နိုင်တယ်။ ဒဏ်ရာရတဲ့သူတွေ ပြန်ပြီးတော့ ဆေးကုဖို့ဘာဖို့ လုပ်နိုင်တယ်။ နောက်တစ်ခုက ရထားတဲ့နေရာတွေကိုလည်း ခိုင်မာအောင် လုပ်ဖို့လိုသေးတယ်လေ။ ဘာဖြစ်လို့လဲဆို တပ်စခန်းတစ်ခုကို သိမ်းပြီးပြီဆိုရင် အဲဒီစခန်းကို ခိုင်မာအောင်လုပ်ပြီးမှ နောက်တဆင့်တက်ရတာကိုး။ အဲဒီတော့ မြောက်ပိုင်းအဖွဲ့က အဲဒီဟာတွေအတွက် လုပ်ပုံရတယ်။ ဒုတိယတစ်ချက် တရုတ်ကိုလည်း ပြချင်တာပေါ့။ တကယ်လို့ နောက်တစ်ချီ ထပ်တိုက်လာတဲ့အခါ ပြောလို့ရတာပေါ့ဗျာ။ သူတို့မတိုက်ဘဲနဲ့ နေပါတယ်။ စဖောက်ဖျက်တာက စစ်ကောင်စီပါလို့ ပြောလို့ရတာပေါ့ဗျာ”လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း အင်အားပြန်စုစည်းချင်တာဖြစ်သလို ဘယ်တုန်းကမှ ငြိမ်းချမ်းရေးလို ချင်တဲ့သူ မဟုတ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေကို နည်းဗျူဟာတစ်ခုခုနဲ့ ပြန်သွေးခွဲပြီး အားသာရင် ပြန်တိုက်မှာပဲလို့ ဒေါက်တာ လှကျော်ဇော်က မှတ်ချက်ပြုပါတယ်။
ဇန်နဝါရီ ဒုတိယပတ်တုန်းက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ် စားလှယ်တွေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယကြိမ် တွေ့ဆုံဆွေး နွေးမှုအတွင်း တစ်ဖွဲ့ချင်းစီ လိုက်နာရမယ့် အချက်နှစ်ချက်ကိုလည်း အပြန်အလှန် သဘောတူခဲ့ကြတာပါ။
အဲဒီသဘောတူမှုမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်မလုပ်ဖို့ နဲ့ စစ်ကောင်စီဘက်ကလည်း အဲဒီဒေသရှိ မိမိတို့ရဲ့ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ နေရာအားလုံးကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်တာမလုပ်ဖို့ ဖြစ်ပါတယ်။
နှစ်ဘက်တပ်တွေ ယာယီအပစ်ရပ်ဖို့ ကြေညာပြီးနောက်တစ်ရက် ဇန်နဝါရီ ၁၂ ရက်နေ့မှာပဲ စစ်ကောင်စီက ရှမ်းမြောက်ရှိ လားရှိုး၊ကျောက်မဲ၊သီပေါနဲ့ မိုးကုတ်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြောထားပါတယ်။
အဲဒီအချိန်ကစပြီး ရှမ်းမြောက်ရှိ TNLA တပ်တွေ တည်ရှိရာ မြို့နယ်တွေ ကျေးရွာတွေအပါအဝင် ကိုးကန့်အဖွဲ့ MNDAA အခြေချတပ်စွဲထားတဲ့ ကိုးကန့်ဒေသ တချို့နေရာတွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာလို့ ညီနောင်သုံးဖွဲ့က ဆိုထားပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ ညီနောင်သုံးဖွဲ့အနေနဲ့ ရှမ်းမြောက်ရှိ လားရှိုးမြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အဲဒီဒေသမှာ လတ်တလော မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ရပ်တန့်နေတာလို့ ထောက်ပြကြပါတယ်။
တစ်ဖက်မှာတော့ ညီနောင်သုံးဖွဲ့အနေနဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ ယာယီအပစ်ရပ်တာဟာ သူတို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျဖော်ဆောင်နိုင်ဖို့ အခွင့်အလမ်းရှိလာမှာ ဖြစ်ပါတယ်။
မြို့တွေ တပ်စခန်းတွေ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီအတွက်တော့ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင် ရေးအရှိန်အဟုန်ကိုသာ ယာယီရပ်တန့်နိုင်ခဲ့ပေမယ့် အခြားတော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံတဝန်းက ခုခံတော်လှန်စစ် အရှိန်ကိုတော့ ရပ်တန့်ပစ်ဖို့ အာမခံချက်မရှိဘူးလို့ Myanmar Peace Monitor က သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media