သထုံ၊ ဇန်နဝါရီ ၂၄
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီ (စကခ-၈)လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ အမှတ် (၄၁၀) ခြေမြန်တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား ၂ ဦးနဲ့ လေးကေတပ်စခန်းက တပ်သား ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ တပ်သား ချစ်ထွေး၊ တပ်သား စိုးနိူင်ဝင်းနဲ့ တပ်သားကျော်မျိုးလှိုင် သူနာပြု (ဆေးမူး)တို့ဟာ စစ် ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတွေဖြစ်တဲ့ ဝင်းတာပန်နဲ့လေးကေစခန်းတို့မှာ တာဝန်ထမ်းဆောင်ရာကနေ KNU သထုံခရိုင်ထံ အလင်းဝင်ခဲ့တာပါ။
လက်နက်နဲ့ အလင်းဝင်ခဲ့တဲ့ တပ်သား ၃ ဦးကို ဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့သလို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားပြီး သူတို့တွေရဲ့ ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက တပ်သားသစ် ၉ ဦး လက်နက်နဲ့တကွ ထွက်ပြေးပြီး KNU သထုံခရိုင်ထံ အလင်းဝင်ဖို့ ကြိုပမ်းခဲ့တာပါ။
လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် တပ်သားသစ် ၆ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းဆီးရမိခဲ့ကာ ၂ ဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
အမျိူးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ နီးပါး CDM ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- KNU