ရေး၊ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန့်မှာ အစင်ကျေးရွာထိပ်ရှိ ရွှေတောင်ကြီး စား သောက်ဆိုင်ပိုင်ရှင် ကိုနေပိုင်နဲ့ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ည ၇ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ ဇီးဖြူသောင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ကျေးရွာနေ လင်မယား ၂ ဦးကို ထပ်မံဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ကိုနေပိုင်အပါအဝင် ဒေသခံ ၅ ဦးဟာ PDF တွေနဲ့ဆက်စပ်မှုရှိပြီး ငွေကြေးထောက်ပံ့မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

အစင်နဲ့ဇီးဖြူသောင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးမှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က စစ်ကြောရေးထံ တစ်ခါတည်းခေါ်ဆောင် သွားပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း သံဖြူဇရပ်မြို့မှာ PDF တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ဒေသခံ ၂၀ နီးပါးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ ၈၀၀ ကျော်အထိ ရှိလာတယ်လို့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.