မော်လမြိုင် ၊ ဇန်နဝါရီ ၂၄

မွန်ညီညွတ်ရေးပါတီ နာယက ဆရာကြီး နိုင်ငွေသိန်းရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုသာန်မှာ ပြုလုပ်သွားမယ်လို့ ပါတီကနေ အသိပေးထုတ်ပြန်ပါတယ်။

ဆရာကြီး နိုင်ငွေသိန်းဟာ ဇန်နဝါရီ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၃၄ မိနစ်မှာ ရန်ကုန်မြို့ရှိ အာရှတော်ဝင်အထူးကုဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။

ကွယ်လွန်ချိန်မှာ ဆရာကြီး နိုင်ငွေသိန်းဟာ အသက် (၈၈) နှစ်ရှိပြီး ဇနီးနဲ့ သမီး သုံးဦး ကျန်ရစ်ခဲ့တယ်လို့ မွန်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ဇာတိဖြစ်တဲ့ နိုင်ငွေသိန်းဟာ အင်္ဂလိပ်စာဘာသာရပ်နဲ့ B.A ဘွဲ့ ရရှိခဲ့တဲ့အပြင်နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံဘွဲ့ တို့ကိုလည်း ရရှိခဲ့ပါတယ်။

နိုင်ငွေသိန်းဟာ လျးဟံသာ (လရီဟံသာ) အမည်ရှိ မွန်ခေတ်ပေါ်တီးဝိုင်းကို ၁၉၇၄ ခုနှစ်မှာ တည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့အပြင် မွန်ကဗျာ၊ ဂန္တဝင်နဲ့ ခေတ်ပေါ်သီချင်းတွေကိုလည်း ရေးသားခဲ့သူပါ။

တစ်ဖက်မှာ အခြေခံပညာဦးစီးဌာန‌အောက်ရှိ အစိုးရစာသင်ကျောင်းတွေမှာ မူလတန်းကျောင်းဆရာဘဝကနေ ကျောင်းအုပ်၊ ပြည်နယ်ပညာရေးမှူးနဲ့ ညွန်ကြားရေးမှူးရာထူးတွေကို ၂၀၀၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒ့ါအပြင် မွန်ပညာရေးအတွက် မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားပညာရေးဌာနမှာလည်း အကြံပေးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

နိုင်ငံရေးမှာလည်း မွန်ညီညွတ်ရေးပါတီရဲ့ မြစ်ဖျားခံရာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှာ ၂၀၁၀ ကနေ ၂၀၁၃ အထိ ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သလို ၂၀၁၃ ကနေ ၂၀၁၈ အထိ မွန်အမျိုးသားပါတီမှာ ဒုဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သူပါ။

အဲဒီ မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်း‌ရေးအတွက်လည်း ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ မွန်ညီညွတ်ရေးပါတီအမည်နဲ့ပေါင်းစည်းနိုင်ခဲ့တာကြောင့် နိုင်ငွေသိန်းဟာ အဲဒီပါတီမှာ နာယကအဖြစ် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.