မော်လမြိုင်၊ ဇန်နဝါရီ ၂၄

ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီဒုတပ်ချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းဆိုခဲ့တယ်လို့ BGF နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်တို့အကြား မပြေလည်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ကို စစ်ကောင်စီရဲ့ ဒုတိယဥက္ကဌ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ရောက်ရှိလာပြီး ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ မတွေ့ဆုံသေးမီ ရက်ပိုင်းအတွင်း ဇန်နဝါရီလ၁၅ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေက စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့နဲ့ ကရင်နယ်ခြားစောင့်တပ်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့သေးတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကရင် BGF တပ်ဖွဲ့တို့အကြား ဘားအံမှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲထဲမှာ  ကရင်နယ်ခြားစောင့်တပ် BGF ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့အတွက် အဓိကအချက်အားဖြင့် စောချစ်သူက တောင်းဆိုခဲ့တယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ ကရင် BGF အထွေထွေအတွင်းရေးမှူး စောချစ်သူရဲ့ တောင်းဆိုချက်အပေါ်  စစ်ကောင်စီ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စစ်ကောင်စီဥက္ကဌ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပြန်လည်တင်ပြပေးသွားမယ်ဆိုတဲ့ အချက်တွေအပါအဝင် အခြားဆွေးနွေးချက်တွေပါ ညှိနှိုင်းဆွေးနွေးသွားခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကရင် BGF အထွေထွေအတွင်းရေးမှူး စောချစ်သူဟာ အင်အားတောင့်တင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိတဲ့ ဝတပ်ဖွဲ့လို နှစ်သက်သဘောကျပြီး ဒီလိုတောင်းဆိုချက်အပေါ်မှာ စစ်ကောင်စီအနေနဲ့ လိုက်လျောပေးမှာ မဟုတ်ဘူးလို့လည်း ကရင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်အပါအဝင် အခြားဒေသတွေက ရှေ့တန်းစစ်မျက်နှာပြင်မှာ အကြီးအကျယ်စစ်ရှုံး  လာနေတဲ့ စစ်ကောင်စီဟာ တပ်အင်အားပိုမိုလိုအပ်လာနေတဲ့အတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်း ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေမှာ ကရင် BGF တပ်အနေနဲ့ ပါဝင်တိုက်ခိုက်ပြီး တပ်အင်အားပိုမိုဖြည့်ဆည်းဖို့ စစ်ကောင်စီက BGF ထံ တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ဒီလိုတောင်းဆိုချက်အပေါ် ကရင် BGF တပ်ဖွဲ့က လိုက်လျောလာဖို့အတွက် စစ်ကောင်စီဟာ ဗိုလ်မှူးကြီးစောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးအဆင့်အထိ သိမ်းသွင်းစည်းရုံးပြောဆိုခဲ့ပေမယ့် ဗိုလ်မှူးကြီးစောချစ်သူက လက်မခံဘဲ ပယ်ချခဲ့ကာ BGF တပ်ဖွဲ့ကနေ နှုတ်ထွက်ကြောင်းနဲ့ လစာရိက္ခာစတာတွေကို မယူတော့တဲ့အကြောင်း စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ပြောဆိုသွားခဲ့တာလို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ ကရင် BGF တပ်တို့အကြား မပြေလည်မှုတွေ ဖြစ်ပေါ်နေစဉ်အတွင်း ဗိုလ်မှူးကြီးစောချစ်သူဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကမမောင်း ကတိုင်တိ ဖာပွန်ဒေသတွေက ရှေ့တန်းစစ်မျက်နှာထဲ ရောက်ရှိနေတဲ့ BGF တပ်ဖွဲ့ဝင်အများအပြားကို နောက်တန်းဌာနချုပ်ဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်ထဲကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူဟာ သူ့ရဲ့ ရွှေကုက္ကိုလ်မြို့သစ်အနားက နေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ ရွှေကုက္ကိုလ်မြို့သစ် ပတ်ပတ်လည်လည်ကို တပ်အင်အားအခိုင်အမာ တည်ဆောက်ချထားနေပြီး ဒေသတွင်းထဲမှာလည်း ပြည်သူ့စစ်အင်အားတွေ စုဆောင်နေပြီး တပ်အင်အားပြန်လည်ဖြည့်ဆည်းတာတွေ လုပ်ဆောင်နေခဲ့ပါတယ်။

ကရင်ပြည်နယ် ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့အနားက BGF စောချစ်သူထိန်းချုပ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် KK PARK မြို့သစ်စီမံကိန်းတွေမှာ တရားမဝင် အွန်လိုင်းလောင်းကစား ငွေကြေးလိမ်လည်မှုစတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ထိုင်းအစိုးရအဆင့်မြင့်တာဝန်ရှိသူတွေက စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.