သထုံ၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ တပ်သားသစ် ၆ ဦး ပစ်သတ်ခံရတာကြောင့် သေ ဆုံးသွားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ထံက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အမှတ်(၉) လေ့ကျင့်ရေးကျောင်းကနေ လက်နက်နဲ့တကွ ထွက် ပြေးလာတဲ့ တပ်သားသစ် ၉ ဦးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးစဉ် ကတိုက်ကြီးကျေးရွာအနီး လယ်ကွင်းထဲမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း တပ်သားသစ် ၆ ဦး သေဆုံးသွားပြီး ၁ ဦးကို အရှင်ပြန်ဖမ်းမိသွားသလို ၂ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တပ်တွင်းအရင်းအမြစ်တွေထံက သိရပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ တပ်သားသစ်တွေရဲ့ အလောင်းတွေကို က တိုက်ကြီးကျေးရွာအပိုင် လယ်ကွင်းတစ်ခုထဲမှာ မီးပုံရှို့ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေဟာ ပဲခူးတိုင်းဒေသကြီးရဲ့ ဘူတာရုံ၊ ကားဂိတ်တွေကနေ မတရားလူသစ်စုဆောင်းခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်တွေမှာတော့ ထွက်ပြေးသွားတဲ့ တပ်သားသစ်တွေဟာ လေ့ကျင့်ရေးတပ်မှာ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းပြီးနောက် KNU တပ်မဟာ ၁ မှ PDF ခေါင်းဆောင် ၁ ဦးနဲ့ ချိတ်ဆက်ကာ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးတဲ့ တပ်သားသစ်မှာ ၄ ဦးသာဖြစ်ပြီး ပစ်ခတ်မှုအတွင်း ၃ ဦး သေဆုံးသွားကာ ၁ ဦးကို စိုးရိမ်ရဒဏ်ရာတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

တော်လှန်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ တပင်ရွှေထီးစစ်ကြောင်းကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားသစ် ၂ ဦးကို ကယ်တင်နိုင်ဖို့ ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.