မော်လမြိုင် ၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်မှာ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းကာလအတွင်း စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တွေဝင်နဲ့ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တွေနဲ့အတူ လှည့်ကင်းလှည့်လည်တာ၊ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးတာတွေအပြင် လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးတဲ့နေရာတွေမှာလည်း ပါဝင်လာတာပါ။

ဒေသခံပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးတဲ့နေရာမှာလည်း ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်လာသလို အတင်းအဓမ္မ ခြိမ်းခြောက်ငွေကြေး တောင်းခံတာတွေကအစ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မော်လမြိုင် ဒေသခံတစ်ဦးကတော့ စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းကာလအတွင်း မြို့တွင်း ကင်းလှည့်တာကအစ ပူးပေါင်းပါဝင်လာတာတွေ တွေ့ရှိနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဆိုရင် မော်လမြိုင်မြို့ပေါ်ရော အခြားမြို့တွေမှာပေါ့။ ဥပမာ- မုဒုံ၊ သံဖြူဇရပ်တို့လို တခြားနယ်တွေမှာလည်း ပျူစောထီးနဲ့ မဘသတွေက တအားကိုခေါင်းထောင်လာတယ်။ အခုဆိုရင် သူတို့က ယူနီဖောင်းတွေနဲ့ ဖြစ်လာတာပေါ့။ ပျူစောထီးဆိုတာလည်း သိနေရတယ်။ ဘာလို့ဆို ရပ်ကွက်ထဲက လူတွေပဲလေ။ ဒီရပ်ကွက်ထဲကနေပြီးတော့ သူတို့မွေးထားတဲ့ကောင်တွေပဲ။ သေနတ်တွေ ပေးထားတယ်ပေါ့။ တချို့ကောင်တွေက ဘောင်းဘီတိုနဲ့၊ တချို့ကောင်တွေကလည်း ရရာအင်္ကျီကောက်စွပ်လာတာပေါ့ အရပ်ဝတ်တွေ။ တစ်စီးကတော့ ပျူစောထီးပေါ့။ ပျူစောထီး ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတွေပေါ့။ သေနတ်ပေးထားတယ်ဆိုတော့ ဒီကောင်တွေက မြောက်ကြွ၊ မြောက်ကြွနဲ့ အရှေ့ကနေပါလာတယ်”လို့ ဆိုပါတယ်။

ပျူစောထီးအဖွဲ့တွေကို စစ်ကောင်စီက စစ်တပ်အာဏာသိမ်းပြီးတဲ့ တစ်နှစ်ခွဲကျော်ကာလကစလို့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ မဖြစ်မနေဖွဲ့စည်းထားကြဖို့နဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့တွေကိုလည်း ပြန်လည်စုစည်းကြဖို့ ညွှန်ကြားထားတာပါ။

အခုနောက်ပိုင်း ရပ်ရွာလုံခြုံရေး အကြောင်းပြချက်နဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့တွေဟာ တချို့ရပ်ကွက်၊ ကျေးရွာတွေရဲ့ အဝင်လမ်းတွေမှာ သေနတ်တွေကိုင်ဆောင်ပြီး လုံခြုံရေးရယူတဲ့အထိ လှုပ်ရှားလာတာ တွေ့ရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ ပျူစောထီးတွေအနေနဲ့ ပြည်သူတွေကို နှိပ်စက်အနိုင်ကျင့်တာတွေ ချက်ချင်းရပ်ပြီး အလင်းဝင်ကြဖို့နဲ့ အလင်းမဝင်တဲ့သူတွေကို သုတ်သင်ရှင်းလင်းသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပျူစောထီးအများစုက သူတို့ရဲ့မိသားစုဖူလုံရေး၊ စားဝတ်နေရေး ပြေလည်ဖို့အတွက် ပျူစောထီးထဲ ဝင်လာကြတာများပါတယ်။ မိသားစုတွေ ဘဝပြေလည်ဖို့အတွက် ပြည်သူပြည်သားတွေကို နှိပ်စက်အနိုင်ကျင့်နေတာကို ရပ်တန်းက ချက်ချင်းရပ်ပါ။ လက်နက်ကိုင်ပြီးတော့ စစ်ကောင်စီကို ထောက်ခံတယ်ဆိုတာဟာ တော်လှန်ရေးသမားတွေအားလုံးရဲ့ ပြည်သူတွေရဲ့ ရန်သူပဲ။ လက်နက်ချပြီးတော့ ကျွန်တော်တို့ဘက်ကို အလင်းဝင်လာကြပါ။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့မဖြစ်မနေ ရန်သူစကစကို ရှင်းလင်းသလို ခင်ဗျားတို့ကိုလည်း ရှင်းလင်းသုတ်သင်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်”လို့ ဆိုပါတယ်။

ပြည်နယ်အတွင်းမှာ ပျူစောထီးအဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံမှုမရှိတော့သလို အသက်အိုးအိမ်ပစ္စည်းတွေကအစ စိတ်ချရမှုမရှိတော့တဲ့အပြင် လွတ်လပ်စွာသွားလာနေထိုင်ဖို့တွေပါ အခက်အခဲရှိလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအဖွဲ့ထဲမှာတော့ စစ်မှုထမ်းဟောင်းတွေ၊ ဘာသာရေး အ စွန်းရောက် မဘသအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေအပြင် စစ်တပ်ထောက်ခံသူတွေနဲ့ ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်။

နိုင်ငံအနှံ့စစ်ရှုံးပြီး တပ်တွင်းအသေအပျောက်များလာတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးလာတာကြောင့် ဒေသတချို့မှာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအကြောင်းပြချက်နဲ့ ပျူစောထီးအဖွဲ့ဖြစ်တဲ့ ပြည်သူ့ စစ်ရရှိရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းလာပါတယ်။

စစ်ကောင်စီဟာ အခုလကစလို့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ ဖိအားပေးညွှန်ကြားတာတွေ ရှိလာခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေဟာ လူဦးရေ ၁၀၀ ရှိတဲ့ ကျေးရွာတွေဆိုရင် အနည်းဆုံး ပြည်သူ့စစ်ထဲဝင်ဖို့ ၁၀ ဦး မဲနှိုက်ရွေးချယ်နေသလို မပါချင်တဲ့သူအနေနဲ့ ငွေကျပ်သိန်းဆယ်နဲ့ချီ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ နိုင်ငံတဝန်းတည်ငြိမ်မှုရရှိစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာ ကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က နေပြည်တော်မှာ နိုင်ငံ ရေးပါတီတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.