ဘီးလင်း၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဉာဏ်ထွန်း (ခေါ်) ဦးပေါဟာ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဉာဏ်ထွန်းဟာ ဇုတ်သုတ်ကျေးရွာကနေ ဇွဲကလာကျေးရွာထံ ကားနဲ့ပြန်လာစဉ် နေအိမ်အရှေ့မှာပဲ ဆိုင်ကယ်တစ်စီးနဲ့ အသင့်စောင့်ဆိုင်းနေတဲ့ PDF တပ်ဖွဲ့ဝင် ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးဉာဏ်ထွန်းဟာ ရင်ဘတ်တဝိုက်မှာ ကျည်ထိမှန် ဒဏ်ရာ ၅ ချက် ရရှိပြီး ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးဉာဏ်ထွန်းဟာ သွားလေရာမှာ သေနတ်နဲ့ ယူဆောင်သွားပြီး အခုဖြစ်စဉ်မှာ ပြန်လည်ပစ်ခတ်အချိန်မရဘဲ အလစ်ငိုက်တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဉာဏ်ထွန်းဟာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သလို ကျေးရွာ တွေမှာ စစ်ကောင်စီနာမည်ခံပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်တာ၊ ရဲနဲ့တပ်အတွက် တရားမဝင်လောင်းကစား လုပ်သူတွေထံက လိုင်းကြေးကောက်ပေးနေသူ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဉာဏ်ထွန်းဟာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ လိုက်လံစည်းရုံးတာတွေ ရှိနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ-၄ ၊ UG အဖွဲ့ထံက သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီအတွက် ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့ ကျိုက်ထို မြို့နယ်၊ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံး ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.