ပွင့်ဖြူ – ဇန်နဝါရီ ၂၃

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူ့စစ် ပျူစောထီး သင်တန်းကို ပထမဆုံးအကြိမ်စပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး သင်တန်းသား ၇၀ ကနေ ၁၀၀ ကြားရှိတဲ့ ပျူစောထီး တွေကို သင်တန်းပေးနေတာပါ။ 

စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးအထိပြထားပေမယ့် တချို့ကတော့ ဓာတ်ပုံရိုက်ခံဖို့သာ လာကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

“ဗီဒီယိုတွေလည်းရိုက်သွားတယ်။ သင်တန်းပေးနေတာက ကျောင်းကုန်းကြီးမှာပါ။ တချို့က အင်အားပြပဲလာတာ ရွာကတော့သိပ်မများဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ကောင်စီရဲ့ သင်တန်းမှာ ကျောင်းကုန်းကြီးနဲ့ ဆင်လူးရေပုတ်ကလေး ကျေးရွာတွေ အပါအဝင် ရွာ ၆ ရွာက ကြံ့ဖွံ့ပါတီဝင်တွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ အဓိက တက်ရောက်နေကြ တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီသင်တန်းဟာ ဘယ်လောက်ကြာမြင့်မယ်ဆိုတာ မသိရသေးပေမယ့် ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ပြုလုပ်နေဆဲဖြစ်တယ်လို့ မျက်မြင်တွေ့ရှိထားတဲ့ ဒေသခံတွေက သံလွင်တိုင်းမ် ကို အတည်ပြုထားပါတယ်။

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်ခေါ် ပျူစောထီးတွေကို လိုက် လံစုဖွဲ့နေပြီး ကျေးရွာတစ်အုပ်စုကို အနည်းဆုံးလူ ၃၀ ပေးဖို့ အတင်းအကျပ်ဖိအားပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

တချို့ရွာတွေမှာတော့ အင်အားမပေးနိုင်တဲ့အတွက် PDF ထောက်ခံတဲ့ရွာတွေလို့ သတ်မှတ်ပြီး မီးရှို့ဖျက်ဆီးဖို့ ခြိမ်းခြောက်တာတွေရှိနေသလို တချို့ကိုလည်း အမျိုးသားမလိုက်ပါနိုင်ပါက အမျိုးသမီးအင်အားပေးရမှာဖြစ်တယ်လို့ ဆိုနေကြပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတောင်းတဲ့ အင်အားမပေးနိုင်တဲ့ အိမ်ထောင်စုတွေအနေနဲ့လည်း တစ်အိမ်ကို ကျပ်ငွေ ၃ သိန်းကနေ ၅ သိန်းအထိခြိမ်းခြောက်တောင်းခံနေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ 

လွတ်လပ်တဲ့ အစီရင်ခံစာတစ်ခုရဲ့ အဆိုအရ နိုင်ငံတွင်းမှာ ပြည်သူ့စစ်အုပ်စုပေါင်း ၅၀၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရဟာ ကျေးရွာပေါင်း တစ်သောင်းကျော်မှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media (စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့စစ်အဖွဲ့များ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.