မော်လမြိုင်၊ ဇန်နဝါရီ ၂၃

စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီမှုတွေကို ကျိုးပျက်စေလိုတဲ့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ရန်စမှုတွေ ပြုလုပ်နေတဲ့အပေါ် မိမိတို့အနေနဲ့ သည်းခံနေတာကြောင့် တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ညီနောင်မဟာ မိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၈၈ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်တော့ပေမယ့် စစ်ကောင်စီက လေကြောင်းနဲ့ မြေပြင်မှာ အလစ် ငိုက်စစ်ဆင်မှုကြောင့် တအောင်းဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား ၈ မိုင်သို့ “ဟိုင်ဂင်သဘောတူညီမှု”ကို ချိုးဖောက်ပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွား နေတာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောပါတယ်။

ရက္ခိုင်ဒေသမှာတော့ စစ်ကောင်စီရဲ့ ထပ်မံဖြည့်တင်းလာတဲ့ စစ်အင်အားတွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ရက္ခိုင့်တပ်တော်က မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က စလို့ ရှမ်းမြောက်ဒေသမှာ အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူထားတာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာခြင်း မရှိသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၈ ထက်မနည်း ၊ စစ်ကောင်စီတပ်စခန်း အကြီးအငယ်ရာနဲ့ချီ တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီတပ်ဖွဲ့ ထောင်နဲ့ချီ လက်နက်ချ အညံ့ခံထား ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.