ကော့ကရိတ်၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်နေအိမ်အလုံး ၅၀ နီးပါး ထပ်မံမီးလောင်ပျက်စီးသွားခဲ့တယ်လို့ မြို့ခံတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကော့ကရိတ်မြို့ အမှတ် ၅ ရပ်ကွက် ရတနာလမ်းဘက်မှာရှိတဲ့ နေ အိမ်အလုံး ၅၀ နီးပါး မီးလောင်ကျွမ်းပျက်စီးသွားခဲ့တာဖြစ်ပြီး အဲဒီမီးလောင်ကျွမ်း ပျက်စီးသွားတဲ့ နေအိမ်တွေဟာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

နေအိမ်မီးလောင်ပျက်စီးမှုဟာ “ရှို့မီးကြောင့်”လို့ ကော့ကရိတ်ဒေသခံတစ်ဦးကပြောပြီး ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာတော့ လတ်တလောမှာ မသိရသေးပါဘူး။

ကော့ကရိတ်မြို့ပေါ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့မှာလည်း တော်လှန်ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့စပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့အ ချိန်က ဒေသခံပြည်သူတွေဟာ မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒီလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကော့ကရိတ်မြို့ပေါ်က နေအိမ်တွေဟာ လက်နက်ကြီးနဲ့ လေ ကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိမှန်ပျက်စီးခဲ့တဲ့အပြင် မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ မီးလောင်ကျွမ်းမှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး မီးလောင်ကျွမ်းမှုဟာ ရှို့မီးကနေတစ်ဆင့် လောင်ကျွမ်းမှုဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ကော့ကရိတ်ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့အချိန် ကော့ကရိတ်မြို့ပေါ်က နေအိမ်တွေကို သူခိုးတွေက ဖောက်ထွင်းခိုးယူတာတွေရှိနေပြီး နေရပ်အိမ်ကို ပြန်လာတဲ့ ဒေသခံပြည်သူတွေလည်း သေ နတ်နဲ့ပစ်ခတ်ခံခဲ့ရလို့ အသက်ဆုံးရှုံးထိခိုက်မှုတွေ ဖြစ်ပေါ်နေတာတွေ ရှိနေပါတယ်။

၁ လကျော်ကြာလာတဲ့ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာ အရပ်သားပြည်သူအများအပြား ထိခိုက်သေ ဆုံးဒဏ်ရာရခဲ့ပြီး ပြည်သူသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.