မော်လမြိုင်၊ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့ တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသမီး တစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မော်လမြိုင်မြို့ ဂွေးကုန်းရပ်ကွက် မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးမှာ Probox ကားတစ်စီး၊ ဘုရားပွဲသွားမယ့် သုံးဘီးဆိုင်ကယ်နဲ့ ဆိုက်ကယ်တစ်စီးတို့ ၃ စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။

၃ စီးဆင့်ယာဉ်တိုက်မှုကြောင့် ကလေးငယ် ၆ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက အမျိုးသမီး တစ်ဦးဟာ မော်လမြိုင်ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီအချိန့်မှာလည်း မော်လမြိုင်မြို့ တောင်ဝိုင်းဓာတ်အားခွဲရုံအနီးမှာ ဟိုက်ဂျက်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့တဲ့အတွက် ကားပေါ်ပါလာတဲ့ ကလေးငယ် ၆ ဦးအပါအဝင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ မော်လမြိုင်ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဘိုဘိုဝင်း