မော်စကို၊ ဇန်နဝါရီ ၂၃

ရုရှားစစ်တပ်မကောင်းကြောင်းပြောတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခွင့်ပြုမယ့် ဥပဒေ ပြဌာန်းဖို့ ပါလီမန်က လုပ်ဆောင်နေတယ်လို့ အကြီးတန်းလွှတ်တော် အမတ်တစ်ဦးက ပြောပါတယ်။

State Duma လို့ခေါ်တဲ့ ရုရှားအောက်လွှတ်တော် ဥက္ကဋ္ဌ ဗီယာချက်စလေ့ဗ် ဗိုလိုဒင်က ရုရှား အပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုသူတွေနဲ့ အစွန်းရောက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ လူသိရှင်ကြား လှုံ့ဆော်သူတွေကို အဲဒီဥပဒေနဲ့ အရေးယူသွားမယ်လို့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း ပြဌာန်းခဲ့တဲ့ ဥပဒေတစ်ရပ်မှာလည်း ရုရှားစစ်တပ်ကို အပုပ်ချတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာပါ။

ရုရှားနိုင်ငံပျက်စီးအောင် ကြိုးပမ်းသူတိုင်း သစ္စာဖောက်သူတိုင်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ငံအပေါ်ဖြစ်ပေါ်စေခဲ့တဲ့ ထိခိုက်မှုတွေအတွက် လျော်ပေးရမှာဖြစ်တယ်လို့ ဗိုလိုဒင်က ပြောပါတယ်။

ဒါ့အပြင် ရုရှားစစ်တပ်ကို အပုပ်ချတယ်လို့ စစ်ဆေးတွေ့ရှိသူတွေအနေနဲ့ ဂုဏ်ပြုဆုတွေချီးမြှင့်ခံ ထားရတယ်ဆိုရင်လည်း ပြန်လည်ရုတ်သိမ်းသွားမှာဖြစ်သလို သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း နိုင်ငံပိုင်အဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့သူက ပြောပါသေးတယ်။

အဲဒီဥပဒေကိုတော့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အောက်လွှတ်တော်ကို တင်သွင်းသွားမှာဖြစ်တယ် လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း ရုရှားမှာပြဌာန်းထားတဲ့ ဥပဒေတွေကိုအသုံးချပြီး အရာရှိတွေက သမ္မတ ပူတင်ကို ဝေဖန်အပြစ်တင်သူတွေကို ပြစ်ဒဏ်ခတ်နေတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတာပါ။

ရုရှားမှာ အရောင်းရဆုံးစာရင်းဝင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဘိုရစ်အကွန်နီဆိုသူလည်း အဲဒီ ဥပဒေနဲ့ အကြမ်းဖက်မှု အစွန်းရောက်မှုစွဲချက်တွေနဲ့ စွဲချက်တင်ခံထားရသလို တက်ကြွလှုပ်ရှားသူတွေ၊ဘလော့ဂါတွေနဲ့ အရပ်သားပြည်သူတွေလည်း တရားစွဲခံထားရသလို နှစ်ရှည်ထောင် ဒဏ်တွေလည်း ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းမှားဖြန့်ဝေတယ်လို့ စွပ်စွဲခံရသူတွေဟာ နိုင်ငံထဲက အလျင်အမြန် ထွက်မပြေးနိုင်ရင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံကြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုဖမ်းဆီးခံရသူတွေထဲမှာ ဂီတပညာရှင်တွေ အနုပညာရှင်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.