မော်လမြိုင်၊ ဇန်နဝါရီ ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်တာကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် ၇ သိန်းခွဲကျော်အထိ ရှိလာတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေ ကြောင်းတိုက်ခိုက်မှုတွေအပြင် အမျိုးမျိုးသော အကြမ်းဖက်မှုလုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက် တစ်နေ့တခြား စစ်ရှောင်ပြည်သူတွေ ပိုတိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုအရ KNU ရဲ့ ခလယ်လွီထူခရိုင်ဖြစ်တဲ့ ပဲခူးတိုင်း ကျောက်ကြီး၊ရွှေကျင်နဲ့ မုန်းမြို့နယ်တို့မှာ ၂ သိန်းခွဲနီးပါးနဲ့ အများဆုံး ဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်တို့က ဖြစ်တယ်လို့ သိရပါတယ်။

အခုလို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ အရေအတွက် ပိုမိုများပြားလာ တာကြောင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် လူသားချင်းစာနာမှုအကူအညီ လိုအပ်မှု ဆက်လက်မြင့်တက်နေတယ်လို့ KNU က အသိပေးထားပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအကြိမ် ၄၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူဦးရေ ၂ ဒသမ ၆ သန်းကျော် အိုး အိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဇန်နဝါရီလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.