သရက် – ဇန်နဝါရီ ၂၀

မကွေးတိုင်း၊သရက်မြို့နယ်မှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ၂ ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က သရက်မြို့နယ် ဆင်ကော်ရဲစခန်းက ရဲ ၄ ဦးဟာ အနီးပတ်ဝန်း ကျင်က ကျေးရွာတွေကနေ ဆက်ကြေးကောက်ပြီး အပြန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမှာ ၅ မိနစ်လောက်သာကြာခဲ့ပေမယ့် ရဲ ၂ ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ 

“ဆိုင်ကယ်နှစ်စီးနဲ့ ဆင်ကော်ရဲစခန်းကိုပြန်လာချိန်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်မှုကတော့ ၅ မိနစ်လောက်ပဲရှိခဲ့ပါတယ်” လို့သူက ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ထပ် ရဲ ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိသွား တယ်လို့ သိရပြီး ကာကွယ်ရေးအဖွဲ့တွေကတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၄ တပ်ရင်း Eagle Force ၊ ကျောင်းသားလက်ရုံးတပ်တော် S.A.F နဲ့ လွတ်မြောက်ရေးအင်အားစု စစ်သူတများတပ်ဖွဲ့ W.O.L.F တို့က ပူးပေါင်းတိုင်ခိုက်ခဲ့ကြ တာပါ။

အဲဒီပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီလဆန်းပိုင်းကလည်း သရက်ခရိုင် မင်းတုန်းမြို့နယ် အလည်ချောင်းကျေးရွာ နယ်မြေရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ် လက်အောက်ခံ ၆ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – သရက်ခရိုင် PDF တပ်ရင်း ၄

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.