သထုံ၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာထဲတွေကို အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု တစ်နေ့တခြား ပိုဆိုးလာပြီး အရပ်သားထိ ခိုက်သေဆုံးမှု မြင့်တက်လာတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ဟာ အခုနှစ်ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ရက်ပေါင်း ၂၀ အတွင်း ကျိုက်ထို၊ဘီးလင်းနဲ့သထုံမြို့နယ်ထဲကို လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၅၀ ထက်မနည်း ကျူးလွန်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇန်နဝါရီ ၂၀ ရက်နေ့အထိ အရပ်သား ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့ ဘာသာရေးအဆောက်အဦး ၁၀ လုံးထက်မနည်း ထိ ခိုက်ပျက်စီးထားပါတယ်။

အဲဒီထဲမှာ ဇန်နဝါရီ ၁၉ ရက်နေ့ တစ်ရက်တည်း ဘီးလင်းမြို့နယ် တက်တူးကုန်းကျေးရွာထဲကို တိုက် ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆ ဦး ရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကနေ နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်လာတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းတွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းနဲ့သထုံမြို့နယ်တို့က ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေထံက သိရပါတယ်။

အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေရဲ့ လက် နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်ထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.