ရေး၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊လမိုင်းမြို့နယ်ခွဲ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကြိုးတံတားဂိတ်စခန်းကို ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက် ၇ နာရီ ၄၃ မိနစ်အချိန်ခန့်မှာ တော်လှန်ရေးအင်အားပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ကြိုးတံတားဂိတ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နဲ့ ရေးသိမ်းငှက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။

အချိန်တစ်နာရီကျော်ကြာမြင့်တဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးမှု ရှိနေပြီး ဒဏ်ရာရသူတွေနဲ့ ထွက်ပြေးသွားတဲ့သူတွေလည်း ရှိနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ ၆၀မမ လက်နက်ကြီးပြောင်းရှည်တစ်လက်၊ ၆၀ မမ စိန်ပြောင်း ၁လက်၊ MA-1 ၁လက် ၊ M16 A1 – ၁လက်၊ AK47 ၁လက်၊ ၄၀ မမ ဗုံးသီး ၈လုံး၊ 5.56 ကျည်ဘောက် ၅ခု၊ Ak ကျည်ဘောက် ၁ခု၊ MA ကျည်ဘောက် ၆ခု၊ RPG ဗုံးသီး ၅လုံးအပါအဝင် လက်နက်ခဲယမ်းအမြောက်အများနဲ့ ဆိုင်ကယ် နှစ်စီးလည်း သိမ်းဆည်းရမိခဲ့တာပါ။

ဒီစစ်ဆင်ရေးမှာ ကြိုးတံတားဂိတ်စခန်းနဲ့ စစ်ကောင်စီရဲ့ ခမရ – ၅၈၈ တို့ကို လက်နက်ကြီးနဲ့ ဖိအားပေးတိုက်ခိုက်နိုင်ခဲ့ပြီး ခမရ -၅၈၈ နဲ့ ခမရ – ၃၄၃ တို့မှ လက်နက်ကြီးနဲ့ အကြိမ် ၄၀ ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကြိုးတံတားဂိတ်စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှ ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး စစ်ကောင်စီကလည်း Mi35 လေယာဉ်အသုံးပြုခဲ့ပေမယ့် ဗုံးကြဲမှုတော့ မရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.