ရေဖြူ၊ ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း၊ ထာဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့စစ်(ဒေသအ ခေါ် ပျူစောထီး) ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် ဦးလားလားဟာ အခုလ ဇန်နဝါရီ ၁၆ ရက် နေ့လည် ၁၂ နာရီအချိန်မှာ တော်လှန်ရေး အင်အားစုတွေက ပစ်ခတ်ရှင်းလင်းခံခဲ့ရတာပါ။

ဦးလားလားကို သွားရာက်ရှင်းလင်းချိန်မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီက ပေးအပ်ထားတဲ့ 380Pisto သေနတ် ၁ လက်၊ ကျည်အတောင့် ၂၀၊ လက်ထိပ် ၁ ခု၊ ဆိုင်ကယ် ၁ စီးနဲ့ အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်‌‌ကောင်စီ လက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေအနေဖြင့် ကျဆုံးလုနီးနီး ဖြစ်နေတဲ့ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီး မိသားစု ဘ၀ရှင်သန်ရေးအတွက် ကြိုးစားသင့်ကြောင်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်တွေကိုလည်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းက လုံခြုံမှု၊ ချီးမြှင့်မှုတွေနဲ့အတူ နွေးထွေးစွာ လက်ကမ်းကြိုဆို နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကလည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ် ရှင်းလင်းခံခဲ့ရပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.