ရေး၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေလျင်တပ်ရင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်က ပြောပါတယ်။

အဲဒီတပ်ရင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က အ လစ်ငိုက်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း လက်ဦးမှုရယူနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုအပေါ် တစ်စုံတစ်ရာ သီခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

တိုက်ခိုက်မှုပြီးနောက် ပြန်လည်ဆုတ်ခွာလာတဲ့ ရေးဘီလူးအဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရေးဘီလူးအဖွဲ့ ဝင်ရောက်မီးရှို့သွားပြီး ခဏအကြာမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးရေးဂိတ်ကို မီးငြိမ်းသတ်ခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာအခြေ စိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက် ခိုက်ထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ကို ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာ သတိထားကြဖို့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ပုံစာအညွှန်း- မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်မီးရှို့စဉ်
ဓာတ်ပုံ-ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.