ရခိုင်၊ ဇန်နဝါရီ ၁၈

စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်‌ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်လူထုတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေဟာလည်း စံချိန်တင် မြင့်တက်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု တွေရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၇ ရက် မနက် ၆ နာရီခွဲအချိန်ခန့်မှာ ကျောက်တော်မြို့နယ် အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ-၃၇၆ တပ်ရင်းမှ ကျောက်တော်မြို့နဲ့ အနီးအနား ကျေးရွားတွေကို ရည်ရွယ်ချက်ရှိရှိ ၁၂၀ မမ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် သရက်တပင်ရွာဟောင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဒေသခံအမျိုသား ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်အစောပိုင်းမှာလည်း ရသေ့တောင် အခြေစိုက်တပ်ရင်းတွေနဲ့ ဂျက်ဖိုက်တာ လေယာဉ်တို့မှ ရသေ့တောင် မြို့ပေါ် ရပ်ကွက်တွေ အပါအဝင်အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်မှာလည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ Mi-35 ရဟတ်ယာဉ် ၁ စီးတို့ဟာ မင်းပြားမြို့နယ်ကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့အပြင် နေဗီသင်္ဘောကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နေဗီသင်္ဘောမှ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် မင်းပြားမြို့နယ် ငတန်းပျင်းကျေးရွာမှာ နေလည် ၁၂ နာရီအချိန်ခန့်မှစပြီး ညပိုင်းအထိ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီ အချိန်ခန့်မှာလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးနဲ့ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ ဝဲကြီးထောင့်ကျေးရွာနဲ့ အနီးတစ်ဝိုက်ကို လာရောက် ဗုံးကြဲ တိုက်ခိုက် ခဲ့တဲ့အတွက်ကြောင့် စစ်ဘေးရှောင် ၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီအချိန်ခန့်မှာလည်း စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝါဘိုကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ် ၂ အိမ်လုံးလည်း ပျက်ဆီးခဲ့တဲ့တယ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါအပြင် ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ရေးလှုပ်ရှားတဲ့ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နဲ့ အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အခုရက်သတ္တပတ်အတွင်း ပိုမိုများပြားလာတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။

ဟိုင်ဂင် ဆွေးနွေးပွဲရဲ့ သဘောတူညီမှုအရ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လျှော့နည်းခဲ့သော်လည်း ရခိုင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေပြီး ရက္ခိုင့်တပ်တော် AA ဟာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းယူနေပါတယ်။

အဲဒီလိုရက္ခိုင့်တပ်တော် AA ရဲ့ ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ ဝိုင်းဝန်း ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ မြို့ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ အောက်တန်းကျစွာ ပြုလုပ်နေပါတယ်။

ရခိုင်ပြည်သူတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ရန်မှ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အထူးသတိထား နေထိုင်ဖို့နဲ့ အဆောက်အအုံတစ်ခုထဲမှာ လူအစုလိုက်အပြုံလိုက် နေထိုင်တာနဲ့ လူစုလူဝေး မပြုလုပ်ကြဖို့ ရက္ခိုင့်တပ်တော် AA က အသိပေးတိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.