ဘုရားသုံးဆူ၊ဇန်နဝါရီ ၁၈

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး နိုင်ထောမွန်ရဲ့ ဈာပနအ ခမ်းအနားကို ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူမြို့ရှိ ဂျပန်ရေတွင်းကျေးရွာမှာ လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ထောမွန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၇ နာရီအချိန်ခန့်က ထိုင်းနိုင်ငံကန်ချနပူရီပြည်နယ် စံခလပူရီမြို့ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

နိုင်ထောမွန် ကွယ်လွန်မှုဟာ မွန်ပြည်သစ်ပါတီဝင်တွေနဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အတွက် ဆုံးရှုံးမှုဖြစ်ရုံသာမက မွန်တစ်မျိုးသားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ် သရုပ်ဖော်ကျူးဖို့အ တွက် ဈာပနအခမ်းအနား ကျင်းပပြီးဆုံးချိန်အထိ မွန်ပြည်သစ်ပါတီရဲ့ စစ်ဘက်အရပ်ဘက် ဌာနအသီးသီးမှာ ပါတီအလံတော်ကို တိုင်တစ်ဝက်လွှင့်ထူကာ ဦးညွှတ်ဂုဏ်ပြုကြဖို့ ပါတီဗဟိုက ညွှန်ကြားထားပါတယ်။

နိုင်ထောမွန်ဟာ ၁၉၆၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီထံ စတင်ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေးတပ်သားအဆင့်ကနေ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ကာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တာပါ။

အဲဒီကနေတဆင့် ၂၀၀၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဌနဲ့ ဗဟိုစစ်ကော်မတီ ဥက္ကဌအဖြစ် နှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ ၄ ဦးမြောက် ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

နိုင်ထောမွန် ပါတီဥက္ကဌဖြစ်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၀ ကြိမ်မြောက် ညီလာခံမှာတော့ နိုင်ထောမွန်က ကျန်းမာရေးအရ ဂုဏ်ထူးဆောင်ဥက္ကဌကြီးအဖြစ် တာဝန်ယူလွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး နိုင်ထောမွန်ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူမိဝုဒ်နဲ့ သမီး တစ်ဦး၊ သားနှစ်ဦးနဲ့ မြေးလေးဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.