မော်လမြိုင်၊ ဇန်နဝါရီ ၁၈

အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ သဘောထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသလို ပြည်သူ လူထုရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက် မဖြစ်တဲ့ အမြင်သဘောထားတွေ ကျင့်သုံးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်း နိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲဖြစ်လို့ မရသလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ နောက်လိုက် လည်းဖြစ်လို့မရဘဲ ကိုယ့်မူကိုယ့်ဟန်နဲ့ ရပ်တည်ဖို့လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသွားခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်အနေနဲ့ အရှေ့မြောက်အရေးအခင်းမှာ နိုင်ငံတကာစံနှုန်း ထက်ကျော်လွန်ပြီး မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ရာရောက်တဲ့အတွက် ယာယီသမ္မတက အရိပ်အမြွက် ထောက်ပြတာလို့ သုံးသပ်ပါတယ်။

“အထူးသဖြင့် အရှေ့မြောက်ဒေသက အရေးအခင်းတွေမှာ တရုတ်ပြည်ရဲ့ ပါဝင်မှုဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံချင်း ဆက်ဆံရေးမှာ ဘောင်ကျော်လာတယ်လို့ ခံစားလာတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုလာ တယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။ အဲဒီအရာဟာ တကယ့်အခြေအနေမှန်လည်းဖြစ်ပြီး မြန်မာ့ပြည်တွင်း ရေး စွက်ဖက်တာလည်း ဖြစ်တဲ့အတွက် တရုတ်အနေနဲ့ အဲဒီကိစ္စကို ထိန်းချုပ်ဖို့လိုပါတယ်။ ဒီကိစ္စတွေနဲ့ ပတ် သက်လို့ တရုတ်ရဲ့ပါဝင်စွက်ဖက်မှုဟာ နိုင်ငံတကာနှုန်းစံထက် ကျော်လွန်ပြီးတော့ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ရာရောက်တဲ့အတွက် အရိပ်အမြွက်ထောက်ပြတာဖြစ်တယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသဖြစ်တဲ့ ရှမ်းမြောက်မှာ ဖြစ်ပေါ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်အ စိုးရက ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တတိယကြိမ်အထိ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိလာခဲ့တာပါ။

ယာယီသမ္မတ ဒူဝါလရှီးလကတော့ ပြည်တွင်းက တော်လှန်ရေးဒီရေဟာ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အလှည့် အပြောင်းတွေကြားမှာ အနိမ့်အမြင့်အတက်အကျ ရှိတတ်ပြီး ဦးတည်ချက်ကို မျက်ခြေပြတ်လို့ မရဘူးလို့ ဆိုပါတယ်။

တရုတ်နဲ့ စစ်မှန်တဲ့“ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးအပါအဝင် တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး အမြဲကြိုးပမ်းသွားမှာဖြစ်သလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံပြီး နိုင်ငံတွင်းရှိ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်မယ်လို့ NUG က ဇန်နဝါရီ ၁ ရက်နေ့မှာ တရုတ်အပေါ်ထားရှိတဲ့ သဘော ထားကို အသိပေးခဲ့တာပါ။

စစ်ကောင်စီကလည်း တရုတ်နိုင်ငံနဲ့အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်း သိမ်းပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တစ်စိုက်မတ်မတ် ထောက်ခံတယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ နိုင်ငံခြား ရေးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.