မော်လမြိုင်၊ ဇန်နဝါရီ ၁၈

စစ်ကောင်စီအလိုကျ ပြည်သူတွေကိုဖိအားပေး ပြည်သူစစ်ဖွဲ့စည်းတဲ့လုပ်ငန်းမှာ ပါဝင်နေသူအား လုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဇန်နဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

စစ်မျက်နှာအနှံ့ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဖွဲ့ဝင်အင်အား ချိနဲ့ပြုန်းတီးလာတာ၊ စိတ်ဓာတ်ရေးရာ ပြိုကျပျက်စီးလာတာကြောင့် ပြည်သူ့စစ်အဖြစ် ပြည်သူတွေကို လိမ်လည်လှည့် စားစည်းရုံးပြီး စစ်မှုထမ်းခိုင်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူစစ်ဖွဲ့စည်းတဲ့ လုပ်ရပ်ဟာ ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ ယုတ်မာကောက်ကျစ်သော လုပ်ရပ်သာဖြစ်ပြီး ပါဝင်နေသူအနေနဲ့ ချက်ချင်းရပ်တန့်ကြဖို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း ထိခိုက်နစ်နာမှုမရှိစေဖို့ ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မစုဆောင်နေမှုတွေကို နည်းလမ်းမျိုးစုံအသုံးပြုပြီးရှောင်ကြဖို့၊ စစ်တပ်လက်ပါးစေတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ နီးကပ်စွာနေထိုင်တာတွေ ရှောင်ရှားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသအတွင်း ပါဝင်တဲ့ ပဲခူးတိုင်းဒေသကြီးရဲ့ မြို့နယ်တွေမှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းကြဖို့ ဖိအားပေးနေတာပါ။

ပြည်သူ့စစ်ဖွဲ့စည်းရာမှာ တစ်ရွာလျှင် အသက် ၁၈ နှစ်မှ ၆၀ အတွင်းရှိ အမျိုးသားတွေ ၁၀ ဦးကနေ ၃၀ ဦးအထိ စာရင်းပေးကြဖို့နဲ့ စစ်မှုမထမ်းဆောင်လိုပါက ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

NUG ရဲ့ တောင်ပိုင်းစစ်ဒေသ စစ်ရေးလှုပ်ရှားနယ်မြေတွေထဲမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.