ပခုက္ကူ – ဇန်နဝါရီ ၉

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက တောင်သူတွေဟာ လောင်စာဆီနဲ့ ဓာတ်မြေဩဇာ ရှားပါးမှုကြောင့် ကြက်သွန်စိုက်ပျိုးမှုလျော့ကျလာပြီးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ တောင်သူ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

လောင်စာဆီရှားပါးတာနဲ့ ဓာတ်မြေဩဇာတန်ဖိုးတွေ မြင့်တက်နေတာကြောင့် ထွန်ယက်စိုက်ပျိုးချိန်မှာ ကုန်ကျစရိတ်မြင့်မားလာလို့ လျာထားချက်ထက်လျှော့ပြီး စိုက်ပျိုးနေကြရတာပါ။ 

ပေါက်ဒေသခံတစ်ဦးက ကြက်သွန်စျေးကျတာနဲ့ မြေဩဇာစျေးတက်နေတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။

“လောင်စာဆီရှားပါးတော့ ထွန်စက်ခတွေစျေးတက်တယ်လေ။နောက်ပြီးဓာတ်မြေဩဇာစျေး တက်တယ်။ကြက်သွန်စျေးကလည်း ပေါ်ကာစစျေးနဲ့အတူတူပဲဆိုတော့ နောက်ပိုင်းရောင်းတဲ့ သူတွေအတွက် မကိုက်တော့ဘူး”လို့သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကလည်း ပခုက္ကူမြို့ပေါ်ကိုသွားရောက်နိုင်မယ့်လမ်းတွေကို ဂိတ်တွေချ ထားပြီး ပိတ်ထားတာကြောင့် ကွေ့ပတ်သွားပြီး ရောင်းချနေရတဲ့အတွက် သယ်ယူစရိတ်တွေမြင့် တက်နေတယ်လို့ သိရပါတယ်။

“ကမ္မ-ပခုက္ကူလမ်းဘက်ကို ပိတ်ထားတော့ ကွေ့ပတ်ပြီးရောင်းရတယ်။ ဂိတ်တွေဖွင့်တဲ့ရက်ကို လည်း သူတို့ကအကြောင်းကြားပါတယ်။ ဒါပေမယ့် ပိုက်ဆံပေးပြီးမှဖြတ်ရတဲ့အတွက် မကိုက် ဘူး” လို့ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။ 

လမ်းပန်းဆက်သွယ်ရေးကောင်းချိန်ကလည်း ကြက်သွန်ပေါ်ကာစမှာ တစ်ပိဿာကို ၂၀၀၀ ကျပ် ဝန်းကျင်ရှိပေမယ့် အခုလိုလမ်းပန်းဆက်သွယ်ရေးမကောင်းချိန်မှာလည်း ကြက်သွန်စျေးဟာ ၂၀၀၀ ဝန်းကျင်ပဲရှိနေတဲ့အတွက် ရောင်းချဖို့ တွက်ခြေမကိုက်ဖြစ်နေကြရတာလို့ ဆိုပါသေး တယ်။ 

ဒါ့အပြင် ကြက်သွန်မျိုးစေ့တစ်ပိဿာကို အရင်က ကျပ် ၄ သောင်းဝန်းကျင်သာရှိပေမယ့် လက်ရှိ စိုက်ပျိုးရာသီမှာတော့ ကျပ် ၁ သိန်းအထိမြင့်တက်လာပြီး ထွန်စက်ခမှာလည်း တစ်နာရီကို ကျပ် ၆ သောင်းအထိရှိနေတယ်လို့ သိရပါတယ်။

အဲဒီလိုအဘက်ဘက်က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူတွေဟာ ကျင်း ၂၀၀ စိုက်ဖို့ လျာထားပေမယ့် လက်တွေ့မှာတော့ ကျင်း ၈၀ ကနေ ၁၀၀ ကြားသာစိုက်ပျိုးနိုင်တော့ တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဓာတ်မြေဩဇာအဖြစ်အသုံးပြုတဲ့ နွားချေးကလည်း တစ်တင်းကို ယာထဲမရောက်ခင်စျေးဟာ ၁၆၀၀ ဝန်းကျင်နဲ့ ယာထဲကိုအရောက်စျေး ၂၀၀၀ ဝန်းကျင်ဖြစ်နေပြီး ကြက်သွန်တစ်ကျင်းကို နွားချေး ၅ တင်းနဲ့အထက်အသုံးပြုနေရတယ်လို့ သိရပါတယ်။ 

ပခုက္ကူဒေသမှာ ယောကြက်သွန်အမျိုးအစားကို အဓိကစိုက်ပျိုးကာ နိုင်ငံအနှံ့ကို ဖြန့်ချီနေကြ ပြီး ၂၀၁၉ ခုနှစ်အထိ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၀၀၀ ကျော်အထိ ရောင်းဝယ်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ကြက်သွန်စစျေးဟာ ၁၀၀၀ အောက်နဲ့သာ ရောင်းဝယ်ခဲ့ ရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ကြက်သွန်စိုက်ပျိုးချိန်တွေမှာလည်း နယ်မြေမတည်ငြိမ်မှုကြောင့် တချို့တောင်သူတွေ လုံးဝစိုက်ပျိုးနိုင်တာမရှိသလို တချို့တောင်သူတွေကတော့ စိုက်ပျိုးပြီးနောက် ထိန်းသိမ်းနိုင်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.