ရေးချောင်းဖျား ၊ ဇန်နဝါရီ ၉

၁၁ ကြိမ်မြောက် ပါတီညီလာခံကနေ ဗဟိုကော်မတီဝင်‌တွေ တိုးချဲ့ဖွဲ့စည်းဖို့ မွန်ပြည်သစ်ပါတီက အခွင့်ပေးဆုံးဖြတ်လိုက်တယ်လို့ ဒီကနေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

တိုးချဲ့ ဗဟိုကော်မတီသစ်မှာ လူငယ်၊ အမျိုးသမီး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပညာရှင် စတဲ့ နယ်ပယ်တွေကနေ ၇ ဦးကို အခွင့်ပေးထားရှိပြီး ပါတီညီလာခံ လမ်းညွန်ချက်မှာ လက်ခံအတည်ပြုထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုးချဲ့ဗဟိုကော်မတီလောင်းတွေရဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး လူငယ်ဆိုရင် အသက် ၂၅ ကနေ ၃၅ ကြား ရှိရမှာဖြစ်ပြီး အမျိုးသမီး၊ ပညာရှင် ၊ မျိုးချစ်ပုဂ္ဂိုလ်တွေဆိုရင် အသက်မကန့်သတ်ထားပေမယ့် ပါတီလမ်းစဉ်ကို စိတ်တိုင်းကျရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီကနေ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို နာခံရမှာဖြစ်ပြီး ပါတီကနေ တာဝန်ပေးအပ်တဲ့အခါ အပြည့်အဝထမ်းဆောင်ရမယ်လို့ ပါတီညီလာခံ လမ်းညွန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် တိုးချဲ့ဗဟိုကော်မတီလောင်းတွေအနေနဲ့ ဘွဲ့တစ်ခုခုရရှိထားသူ၊ လူမှုအဖွဲ့အစည်းတစ်ခုခုမှာ ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ရမှာဖြစ်ပြီး အနည်းဆုံး ညီလာခံတစ်ကြိမ်အထိ (လေးနှစ်) အချိန်ပြည့် တာဝန်ယူနိုင်သူဖြစ်ရမယ်လို့ ဆိုပါတယ်။

အထက်ဖော်ပြပါ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ မိမိတို့ နယ်ပယ်အလိုက် အရင်ဆုံးရွေးချယ်ပြီး  ရရှိလာတဲ့ တိုးချဲ့ဗဟိုကော်မတီ‌ အရေအတွက်ကို ဗဟိုကော်မတီမှာ အတည်ပြုသွားမယ်လို့ သိရပါတယ်။

၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး မနက်ဖြန်မှာ ဗဟိုကော်မတီ၊ ခရိုင်ကော်မတီနဲ့ မြို့နယ်ကော်မတီ တာဝန်ရှိသူတွေကို အဆင့်ဆင့် ရွေးချယ်သွားမယ်လို့ မွန်ပြည်သစ်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.