ထန်းတပင်၊ ဇန်နဝါရီ ၈

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဒေးလိုကျေးရွာအုပ်စု အခြေစိုက် စစ်ကောင်စီတပ်စခန်း တစ်ခုလုံး ထပ်မံစွန့်ခွာထွက်ပြေးသွားတဲ့အတွက် မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တပ်စွဲထားတဲ့ သောက်ရေခပ် အမှတ် (၂) ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ လုံခြုံရေး ယူထားတဲ့ အမှတ်(၅၈၁) ခြေမြန်တပ်ရင်းရဲ့ မူဆာလေးတပ်စခန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ စခန်းတစ်ခုလုံး စွန့်ခွာထွက်ပြေးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ မူဆာလေးတပ်စခန်းကို ကရင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU တောင်ငူခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က စစ်ကောင်စီရဲ့ ဖလေးဆာလိုတပ်စခန်း၊ ဇန်နဝါရီ ၂ ရက်နေ့မှာ ကလောမီဒဲတပ်စခန်းလည်း စွန့်ခွာထွက်ပြေးခဲ့ပြီး ၃ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုအထိ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ လေးဆာလိုတပ်စခန်းနဲ့ ကလောမီဒဲတပ်စခန်းတို့ကနေ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေကိုလည်း KNLA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.