ရေးချောင်းဖျား ၊ ဇန်နဝါရီ ၈

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တချို့ရဲ့ အသက်အရွက်ကြီးရင့်လာမှုနဲ့ ကျန်းမာရေးချို့တဲ့မှုကြောင့် ပါတီတာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်ခြင်းမရှိပေမယ့် ပါတီအင်အားဖြစ်ဖို့နဲ့ ပါတီကို အကျိုးပြုနိုင်ဖို့ ရည်ရွယ်ပြီး အမြဲတမ်းဗဟိုကော်မတီစနစ်ကို ကျင့်သုံးသွားမယ်လို့ မွန်ပါတီညီလာခံကနေ အတည်ပြုပါတယ်။

ရေးချောင်းဖျားမှာ ကျင်းပနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာ အတည်ပြုခဲ့တာဖြစ်ပြီး အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်ဖို့ သတ်မှတ်အရည်အချင်းတွေကိုလည်း မွန်ပြည်သစ် သတင်းစဉ်က ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာတာပါ။

အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်ဖို့ အသက် ၇၀ နှစ် ပြည့်ရမှာဖြစ်ပြီး သတ်မှတ်အသက်မပြည့်သူကလည်း  ကျန်းမာရေးချို့တဲ့တာ၊ အရင်ပါတီညီလာခံတွေကနေ ဗဟိုကော်မတီဝင်အဖြစ် ၅ ကြိမ် ထမ်းဆောင်ခဲ့သူနဲ့ ပါတီမှာ ၂၅ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သူစတဲ့ သတ်မှတ်ချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ပါတီက ကာလတို လုပ်ငန်းဆောင်ရွက်ချက်တစ်ခုခုအတွက် လိုအပ်တဲ့အချိန် တာဝန်‌ပေးလာရင် ထမ်းဆောင်နိုင်သူနဲ့ အထက်ဖော်ပြပါ အရည်အချင်းတွေ ပြည့်မီရင် အမြဲတမ်းဗဟိုကော်မတီဝင်အဖြစ် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

သတ်မှတ်အရည်အချင်းပြည့်စုံတဲ့ ဗဟိုကော်မတီဝင်တွေအနေနဲ့ ပုဂ္ဂိုလ်ရေးဆန္ဒအရ အမြဲတမ်းဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်လိုရင် ဗဟိုဌာနချုပ်ကို စာရေးသားတင်ပြပြီး ဗဟိုကော်မတီကနေ အတည်ပြုပေးမယ်လို့ သိရပါတယ်။

ပါတီတွင်း၊ ပါတီပြင်ပက အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်သူတွေဟာ ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးနဲ့ ညီလာခံတို့မှာ တက်ရောက်အကြံပေးနိုင်ပြီး ပါတီဝင်တစ်ဦးလိုမျိုး တူညီတဲ့ အခွင့်အရေးနဲ့ ခံစားခွင့်တို့ကို လက်ခံရရှိမယ်လို့ ညီလာခံကနေ ဆုံးဖြတ်ခဲ့တာပါ။

၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အခုသီတင်းပတ်အတွင်း ပါတီရဲ့ဗဟို‌ ၊ ခရိုင်နဲ့ မြို့နယ်အဆင့် ကော်မတီဝင်တွေကို ဆက်လက်ရွေးချယ်သွားဖို့ ရှိနေတယ်လို့ မွန်ပြည်သစ် သတင်းစဉ်ကနေသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.