သိန္နီ၊ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်၊ သိန္နီမြို့အခြေစိုက် စကခ ၁၆ လို့ လူသိများနေတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ညီနောင်မဟာသုံးဖွဲ့နဲ့အတူ တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့ တွေက အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က ထုတ်ပြန်ပါတယ်။

စကခ ၁၆ စစ်ဌာနချုပ်ကို သိမ်းပိုက်ဖို့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး သိန်းနီမြို့မှအထွက် နမ်မတူချောင်း တံတားထိပ်ကနေ စတင်တိုက်ခိုက်ခဲ့ကာ အဲဒီနောက်ကောင်းဟော်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်စွဲထားတဲ့ ကောင်းဟော်ရွာကို ဇန်နဝါရီ ၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ အမှတ်(၉) ခြေလျင်တပ်ရင်းကိုတော့ ဇန်နဝါရီ ၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ဂိုဒေါင်တွေလည်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့မှာပဲ စကခ ၁၆ စစ်ဌာနချုပ်ကို ထပ်မံဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့မှာတော့ စစ်ဌာနချုပ်ရဲ့ ဧရိယာတခုလုံးကို တခုမကျန် အောင်မြင်စွာသိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စကခ ၁၆ စစ်ဌာနချုပ် သိမ်းပိုက်မှုအတွင်း လက်နက်ကြီးကုန်းတွေ၊ လေယာဉ်ကွင်းတွေ၊ လက်နက်ဂိုဒေါင်တွေ၊ သံချပ်ကာကားတွေ ၊ ပွိုင့် 5 တွေ ၊ ဟောင်ဝစ်ဇာတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ ခမရ(၂၄၀)၊ ခမရ(၃၂၃)၊ GE တပ်နဲ့ ဆေးတပ်တွေရှိ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့အတွက် မိုင်လီ-ပန်ဖက် တံတားအနားအထိ တိုက်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ဆိုထားပါတယ်။

စကခ ၁၆ စစ်ဌာနချုပ်သိမ်းပွဲမှာ စစ်ကောင်စီကနေ မရေမတွက်နိုင်တဲ့ လေကြောင်းတိုက်ခိုက်မှု၊ တင့်ကားနဲ့တိုက်ခိုက်မှု၊ လက်နက်ကြီးမျိုးစုံ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မိုးသီးမိုးသပေါက်သဖွယ် ကျဆင်းလာတဲ့ကြားကနေ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီစစ်ဆင်းရေကို ညီနောင်မဟာမိတ်သုံးဖွဲ့၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စကခ ၁၆ စစ်ဌာနချုပ်အပြီးသတ်သိမ်းပိုက်ခံရပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုအဖွဲ့တွေက သိန္နီမြို့အပါအဝင် မြို့ပေါင်း ၁၆ အထိ သိမ်းပိုက်ရရှိထားပြီလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.