မြိုင် – ဇန်နဝါရီ ၈

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ဦးထိခိုက်သေဆုံးနိုင်တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မြိုင်မြို့နယ်ကနေ ကန်နီပျူစောထီးရွာကို သွားတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတာပါ။

“တိုက်ခိုက်မှုကြောင့် မြိုင်မြို့နယ်အတွင်းမှ ထွက်မလာရဲဘဲ မြို့တွင်းမှာပုန်းခိုနေပြီး ဖမ်းဆီးထား တဲ့ ဓားစာခံတွေကို အသုံးချပြီး ပြန်ထွက်ဖို့ ပြင်ဆင်နေတယ်” လို့ မြိုင်ပကဖတာဝန်ရှိသူတစ်ဦး က သံလွင်တိုင်းမ် ကိုပြောပါတယ်။ 

တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီစစ်ကြောင်းကို ရှေ့ထွက်မိုင်းနဲ့ ဒရုန်းအီနာဂါ ဗုံးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်သေးဘဲ ထိခိုက်ခဲ့တဲ့ သူတွေကို မြိုင်ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မြိုင် ပ.က.ဖ ဒရုန်းတပ်ဖွဲ့၊Myaing UAV Fighter၊ဗိုလ်မြွေဆိုးတပ်ဖွဲ့၊ တိုက်နယ် ၄ MPL တပ်ဖွဲ့၊မြိုင်ပ.က.ဖ တပ်ရင်း ၃ တပ်ခွဲ ၃ ၊တပ်ခွဲ ၄ နဲ့ Earthquake Defense Force(Pku) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

မြိုင်မြို့နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကြောင်းဝင်ရောက်နေတာကြောင့် မြိုင်-လင်းကတောလမ်း၊မြိုင်-ကန်နီလမ်းပိုင်းတွေကို အသုံးမပြုကြဖို့နဲ့ စစ်ရေးသတင်းနားစွင့် ထားကြဖို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်ကို မကြာခဏစစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း ဒေသခံ ၁၁ ဦးနဲ့ PDF ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး PDF ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ပါသေးတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ –  Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.