နေပြည်တော် ၊ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး အောင်ပွဲရကြောင်း လက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားချိန်မှာ မြန်မာစစ်ကောင်စီနဲ့ တရုတ်တို့ဟာ နေပြည်တော်မှာ နယ်စပ်လုံခြုံရေး ကိစ္စဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ဆွန်ဝေဒေါင်းနဲ့ တွေ့ဆုံမှုအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နဲ့ ပူးပေါင်းပြီး နယ်စပ်လုံခြုံရေး ထိန်းသိမ်းရေးနဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ သဘောတူခဲ့ကြပါတယ်။

နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေး၊ကျားဖြန့်လုပ်ငန်းတွေနဲ့ နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီလို့ ကြေညာခဲ့ချိန်မှာ တရုတ်နိုင်ငံခြားရေးလက်ထောက်ဝန်ကြီးက မြန်မာနိုင်ငံကိုလာရောက်ခဲ့တာပါ။

တရုတ်နယ်စပ်ကို ကျော်လွန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဟာ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားသလို တရုတ်-မြန်မာ ချစ်ခင်မှုကို ဖျက်ဆီးဖို့ တိုင်းရင်းသားတပ်တွေက ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့လက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတို့ကြား ယာယီအပစ်အခတ်ရပ်စဲရေး တရုတ်က ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တရုတ်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ပြီး အကူအညီပေးသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

လူလိမ်ဂိုဏ်းတွေကို ဦးစီးနေတဲ့ ရာဇဝတ်သား မိသားစုတွေကို စစ်ကောင်စီက ကာကွယ်ပေးနေတယ်လို့ တိုင်းရင်းသားတွေက စွပ်စွဲထားချိန် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေရှင်းထုတ်ရေး စစ်ကောင်စီအပေါ် တရုတ်အစိုးရက ဖိအားပေးနေတာ ဖြစ်ပါတယ်။

Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.