နမ့်ဆန်၊ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်၊ နမ့်ဆန်မြိုမှာ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာမ အပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၆ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၇ ရက်နေ့ ည‌‌ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ တအာင်းတပ်မတော် (TNLA) သိမ်းယူထားတဲ့ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့သစ်ကျေးရွာ စာသင်ကျောင်းမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး TNEC ကျောင်းဆရာမ ၃ ဦးနဲ့ အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မြို့သစ်ကျေးရွာက ဒေသခံ ၆ ဦးလည်း ကျည်စထိမှန်ဒဏ်ရာ ပြင်းထန်ရရှိခဲ့သလို ‌‌‌‌‌‌‌‌‌‌လူနေ အိမ် ၇ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကျောက်မဲကျေးရွာမှာလည်း စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂ လကျော်ကာလအတွင်း ညီနောင်မဟာ မိတ် ၃ ဖွဲ့က မြို့ ၁၆ မြို့ထက်မနည်း သိမ်းပိုက်ထားနိုင်သလို မရေမတွက်နိုင်တဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PSLF/TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.