နေပြည်တော် – ဇန်နဝါရီ ၈

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပွဲလန့်တုန်းဖျာခင်းပြီး အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော် လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီမှတ်ပုံတင်ချပေး ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ နေပြည်တော် ငုရွှေဝါခန်းမမှာ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။

“ပွဲလန့်တုန်းဖျာခင်း ဆိုသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အကြမ်းဖက်မှု တွေကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော် လုပ်ဆောင်လာခဲ့ကြောင်း အခုချိန်အထိလည်း အချို့နေရာ တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါ တယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့နည်း ပပျောက်စေရေးအတွက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သူကပြောပါသေးတယ်။

စစ်ကောင်စီတာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊လူမှုရေး၊တည်ငြိမ်အေးချမ်းရေး၊ အုပ်ချုပ်ရေး ကဏ္ဍတွေအပါအဝင် ကဏ္ဍအသီးသီးမှာ စိန်ခေါ်မှု အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေရဆဲဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံထားပါတယ်။ 

နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်း တွေနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းလာမှုတွေကြောင့် နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ် လာတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲထားပါတယ်။

“နိုင်ငံရေးပြဿနာကို ပြည်သူတွေ ဆန္ဒပြပြီးတောင်းဆိုချိန်တုန်းက ရက်ရက်စက်စက် သတ်ဖြတ် ခဲ့ပြီးတော့ သူတို့စစ်ရေးအရ ရှုံးနိမ့်နေချိန်မှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘူးဆို ပြီး ပြောတာက သူတို့ ဘယ်လောက်ကျရှုံးနေတယ်ဆိုတာ မြင်သာပါတယ်” လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

လက်ရှိအချိန်ထိလည်း တိုင်းပြည်အာဏာကို အကြမ်းဖက်မှုတွေနဲ့ ရယူပြီး ပြည်သူတွေကို အနိုင် ကျင့် နှိပ်စက်သတ်ဖြတ်နေတာတွေ ဆက်ပြီးလုပ်နေတဲ့ စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲမှ ကျွန် တော်တို့ နိုင်ငံကြီး တိုးတက်တော့မှာပါလို့သူက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အတွက်ပေးပို့တဲ့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်လုံး ကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။ 

ရွေးကောက်ပွဲလုပ်မယ့် နေ့ရက်ကိုတော့ စစ်ခေါင်းဆောင်က ကတိပေးပြောဆိုထားတာမရှိဘဲ နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားချိန်ထဲက ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲ မယ်လို့ အကြိမ်ကြိမ်ပြောလာခဲ့တာ ၃ နှစ်ဝန်းကျင်အထိရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က လက်ရှိအချိန်ထိ နိုင်ငံရေးပါတီ ၃၉ ပါတီကို မှတ်ပုံတင် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းမှု သုံးနှစ်ဝန်းကျင်ရှိလာချိန်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင်း စစ်ကောင်စီတပ်သားတွေဟာ စခန်းတွေနဲ့ တပ်ရင်းလိုက် လက်နက်ချတာတွေ လုပ်ဆောင်လာနေပြီတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.