ကျောက်တော်၊ ဇန်နဝါရီ ၈

ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းတစ်ခုလုံး လက်နက်ချအညံ့ခံခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၈ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

တပ်အင်အား ၂၀၀ နီးပါးရှိတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းတစ်ခုလုံး AA ထံ လက်နက်ချအညံ့ခံပြီးနောက် တခြားတပ်စခန်းတွေကလည်း လက်နက်ချ အညံ့ခံဖို့နဲ့ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံဖို့ ဆက်သွယ်မှုတွေ ရရှိထားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင်တွေနဲ့  မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်တွေလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာတိုက်ပွဲဝင်ခဲ့တယ်လို့ AA က ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်လာနိုင်ဖို့ ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီ ၇ ရက်နေ့ကစပြီး ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ စခန်းတိုင်းကို သိမ်းပိုက်ရယူထားပြီးဖြစ်သလို ကျန်ရှိတဲ့ စခန်းတွေကိုလည်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ရှင်းလက်ဝ(ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၄ ဦးဟာ အိန္ဒိယနိုင်ငံအတွင်းသို့ အာသံရိုင်ဖယ် အကူအညီနဲ့ ထွက်ပြေးသွားသလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာလည်း ပွိုင့် (၃၇၇) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၁ ဦး အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး အိန္ဒိယအစိုးရမှ ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြောက်ဦးရှိ စစ်ကောင်စီရဲ့ သင်းကျစ်တော်တောင် စခန်းကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့သလို စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်စခန်းများအနေနဲ့ လက်နက်ချအညံ့ခံလိုပါက ရက္ခိုင့်တပ်တော်ထံ အချိန်မရွေး ဆက်သွယ်နိုင်တယ်လို့ ထပ်မံအသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.