ဘေရွတ်၊ ဇန်နဝါရီ ၄

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် ဆာလေးအယ်လ် အလိုရီကို အစ္စရေးဘက်က ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် အလိုရီဟာ အစ္စရေး – ဟားမတ်စ် စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးလုပ်ကြံသတ်ဖြတ်ခံရတဲ့ ခေါင်းဆောင် ဖြစ်လာတာပါ။

သူ့ကိုလုပ်ကြံသတ်ဖြတ်လိုက်တာကြောင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲဟာ ဂါဇာကမ်းမြောင်ဒေသကို ကျော်လွန်ပျံ့နှံလာနိုင်သလို ဟားမတ်စ်အဖွဲ့ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံတောင်ပိုင်းကို နေ့စဉ်နီးပါး တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

အလိုရီဟာ ဟားမတ်စ်အဖွဲ့ရဲ့ ပြည်ပအခြေစိုက် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး ဘေရွတ်မြို့တောင်ပိုင်းက ရုံးခန်းမှာ ရောက်ရှိနေချိန် ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ခံရတာကြောင့်သူအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ လက်ဘနွန်အခြေစိုက် ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲ ၂ ဦး လည်းပါဝင်တယ်လို့ သိရပါတယ်။

အစ္စရေးစစ်တပ် ပြောခွင့်ရ ဒန်နီရယ် ဟာဂါရီက ဟားမတ်စ်အဖွဲ့ဝင်တွေကို ရှင်းလင်းဖို့ အာရုံစိုက်ထားတယ်လို့ ပြောထားသလို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အကြံပေးအရာရှိ မက်ရီဂေ့ကလည်း ဒီတိုက်ခိုက်မှုအတွက် အစ္စရေးတာဝန်မခံဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမယ့် ဒီတိုက်ခိုက်မှုကို ဘယ်သူပဲလုပ်လုပ် လက်ဘနွန်နိုင်ငံကို တိုက်ခိုက်တာ မဟုတ်ဘူးလို့ ဆိုထားကြပါသေးတယ်။

အလိုရီဟာ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ညွှန်ကြားနေတာ နှစ်တွေကြာပြီဖြစ်တယ်လို့ အစ္စရေးဘက်က စွပ်စွဲဖူးပါတယ်။

“ကျုပ်အသက်ရှင် နေထိုင်လာခဲ့တာ အရမ်းကြာသွားပြီလို့ ထင်တယ်။အာဇာနည်အဖြစ် သေဆုံးရဖို့ စောင့်မျှော်နေပါတယ်”လို့ ၂၀၂၃ သြဂုတ်လက အလိုရီက ပြောခဲ့ပါတယ်။

သူဟာ ဂါဇာစစ်ပွဲအတွက် အဖြေရှာရေး အီဂျစ်၊ကာတာတို့နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ရာမှာ အဓိက နေရာက ပါဝင်သူဖြစ်ပြီး လက်ဘနွန်နဲ့ ကာတာနှစ်နိုင်ငံလုံးမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လက်ဘနွန်ကို စစ်ပွဲထဲပါဝင်လာအောင် ကြိုးစားနေတာဖြစ်သလို အစ္စရေး ကျူးလွန်တဲ့ ရာဇဝတ်မှု နောက်တစ်ခုဖြစ်တယ်လို့ လက်ဘနွန်ယာယီဝန်ကြီးချုပ် နာဂျစ်မီကာတီက ပြောခဲ့ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.