မော်လမြိုင် ၊ ဇန်နဝါရီ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ထပ် မံဖြစ်ပေါ် နေပြီး ဆီရရှိရေးအတွက် လိုက်လံစုံစမ်းဝယ်ယူနေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမြင့်ဈေးမှာပဲရှိနေတဲ့ စက်သုံးဆီတွေဟာ အခုနှစ်အစပိုင်းမှာပဲ ပြတ်လပ်မှုတွေ ပြန်လည်ဖြစ်ပေါ် လာသလို စက်သုံးဆီအရောင်းဆိုင်အများစုမှာလည်း ရက်ခြားဆိုသလို ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။

လက်ရှိ မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ 95 နဲ့ 92 ဓာတ်ဆီတွေ အများဆုံးပြတ် လပ်နေပြီး တချို့အရောင်းဆိုင်တွေမှာ ဒီဇယ်ဆီကအစ ပြတ်လပ်တာတွေ ရှိနေပါတယ်။

မော်လမြိုင်မြို့ဒေသခံ တစ်ဦးကတော့ မြို့တွင်း ရက်ခြားဆိုသလို စက်သုံးဆီ ပြတ်လပ်လာတဲ့အ တွက် ဆီရရှိရေးအတွက် ပြန်လည်ကြိုးပမ်းနေရပြီး တချို့ဆိုင်တွေမှာ လုံးဝနီးပါး ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

“ဆီက ပြန်ပြတ်နေတာလည်း ဟုတ်တယ်။ အခုက တစ်ခါတလေကျရင် နှစ်ရက်ခြား မြို့ထဲမှာလည်း ပြတ်တယ်။ လိုက်ပတ်ရှာပြီး ထည့်နေရတယ်။ ဆီက လှောင်ဖို့ကလည်း မလွယ်ဘူး။ နောက်တစ်ခု မီးအန္တရာယ်ဖြစ်မှာကြောက်တယ်။ ဒါကြောင့်မရှိရင် မမောင်းတဲ့သဘော။ တစ်ရက်မောင်းပြီးရင်တော့ တစ်ရက်ပြန်ထည့်ဖို့ လိုက်ပြန်ရှာနေရတယ်။ မောင်းမယ့်အချိန်မှာ မမောင်းရဘဲ ဆီဘယ်မှာရလဲဆိုပြီးတော့ မေးနေရတယ်”လို့ ဆိုပါတယ်။

စက်သုံးဆီတွေ ထပ်မံပြတ်လပ်လာပေမယ့် 95 ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၇၀၀ ကျော်၊ 92 ဓာတ်ဆီတစ်လီတာကို ကျပ် ၂၆၀၀ ကျော်နဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဆိုးဆိုးဝါးဝါး ပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရတဲ့အ တွက် နာရီနဲ့ချီအချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရသလို ပြင်ပဈေးကွက်မှာ တစ်လီတာကို ကျပ် ၅၀၀၀ ကနေ ကျပ် ၇၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့တာပါ။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ရေးအတွက် တစ်လလျှင် စက်သုံးဆီမက်ထရစ်တန် ၃၃၀၀၀ ကျော် တင်သွင်းဖြန့် ဖြူးရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောဆိုထားပါတယ်။

စက်သုံးဆီပြတ်လပ်မှုဟာ ရန်ကုန်သီလဝါစီမံကိန်း အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူတာ၊ ဒေါ်လာလိုအပ်ချက်မြင့်မားတာ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ဖြစ်တယ်လို့ စက်သုံးဆီ ရောင်းဝယ်လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ
ပုံစာအညွှန်း-ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် လူအများစောင့်ဆိုင်းဝယ်ယူနေကြစဥ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.