မြင်းခြံ၊ ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြင်းခရိုင်၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ စခန်းချတပ်စွဲထားတဲ့ နေရာတွေကိုတော်လှန်ရေးမဟာ မိတ် ပူးပေါင်းတပ်တွေက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၇ ဦးသေဆုံးခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ်-၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်နေ့မှာ မြင်းခြံမြို့နယ် ညောင်တိုကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးပူပေါင်းစခန်းကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၁ နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးခဲ့သလို ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ စခန်းစွန့်ထွက်ပြေးသွားသဖြင့် ညောင်တိုကျေးရွာပျူစောထီးစခန်းကို အပြီးသတ် သိမ်း ပိုက်နိုင်ခဲ့သလို ကျန်ရှိနေတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တဲ့အပြင် ဘန်ကာတွေကိုလည်း ဖြိုချဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ညောင်တိုကျေးရွာနဲ့ ကပ်လျှက်ရှိတဲ့ စစ်ကောင်စီတပ်တွေ စခန်းစွန့် ဆုတ်ခွာသွားတဲ့ ဆင်ချောင်းကျေးရွာကိုလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး ဘန်ကာတွေကိုလည်း ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။

တော်လှန်ရေး အင်အားစု‌တွေ နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေချိန် စစ်ကောင်စီတပ်က ပူပေါင်းအင်အားဖြင့် ပြန်လည်စစ်ကြောင်းထိုးလာခဲ့တဲ့အပြင် စစ်ကောင်စီတပ်က ညောင်တိုကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

ဒါအပြင် မြင်းခြံ – ဆီးမီးခုံ ကားလမ်းပေါ်ရှိ ကျားတိုင်ကျေးရွာရှိ စစ်ကောင်စီတပ်တွေ အထိုင်ချ တပ်စွဲထားတဲ့ စခန်းကို အလစ်ငိုက်၀င်ရောက်တိုက်ခဲ့ပြီး စစ်ကောစီ တပ်သား ၂ ဦး‌သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

အလားတူ မြင်းခြံ – ဆီးမီးခုံ ကားလမ်းပေါ်ရှိ တောပုကျေးရွာရှိ စစ်ကောင်စီတပ်တွေ အထိုင်ချ တပ်စွဲထားတဲ့ စခန်းကို ဒရုန်းဖြင့် ဗုံးသီ ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ စခန်းတွေကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ် တွေဖြင့် ပြန်လည်ခုခံခဲ့ပေမယ့်လည်း တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် ၁၊ ၂၊ ၃ တပ်ရင်း၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ(၃)၊ မြင်းခြံမြို့နယ်ပကဖ၊ ငါန်းဇွန်မြိုနယ်ပကဖ၊ မြောင်မြို့နယ်ပလဖ၊ CDSOM 001ဒရုန်းအဖွဲ့၊ Burmese Guerrilla Force၊ မန္တလေးခရိုင် အမှတ် ၃၊ ၅၊ ၆တပ်ရင်း၊ ညောင်ဦးခရိုင်အမှတ် ၁ တပ်ရင်း၊ MGN 35၊ Thway Thauk Revolution Force၊ FFGF(မြင်းခြံ)၊ Anyar Fedral Task Force(AFTF)၊ LACR(မြင်းခြံ)၊ 8 Stars(မြင်းခြံ)၊ Wolf Brothers PDF၊ MP9၊MS9 Brothers၊ ကျေးရွာတပ်ပေါင်းစု မြောင်နဲ့ အခြားမဟာမိတ်တွေမှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.