ပုလော၊ ဇန်နဝါရီ ၂

တနင်္သာရီတိုင်း၊ ပုလောမြိုနယ်၊ ပုလောကုန်း ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၀င် ရဲဘော် ၁ ဦး အလင်း၀င်ရောက်လာတယ်လို့ ပူရိယက္ခညီနောင်စစ် ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုလောကုန်းကျေးရွာနေ ပြည်သူ့စစ်ရဲဘော် စိုးနိုင်ဆိုသူဟာ KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင်စစ်ကြောင်းကို ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အလင်း၀င်ရောက်ခဲ့ပါတယ်။
အလင်း၀င်လာတဲ့ ပြည်သူ့စစ်ရဲဘော် စိုးနိုင်ဟာ M16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၇၁ တောင့်၊ကျည်ဘောက် ၂ ခုနဲ့အတူ အလင်း၀င်လာတဲ့အတွက် ဆုငွေ ၁၀ သိန်းကျပ် ချီးမြှင့်ခဲ့ပါတယ်။

“စစ်တပ်ရဲ့ ဆက်ဆံပုံတွေနဲ့ ပျူတွေရဲ့ ရွာသားတွေအပေါ် အနိုင်ကျင့်ဆက်ဆံပုံတွေ မကြိုက်လို့ အလင်းဝင်လာတာလို့ပြောပါတယ်။ ပြီးတော့ သူကိုယ်တိုင် စစ်‌ကောင်စီကို ပြန်တိုက်ချင်သေးတယ်လို့” ပူရိယက္ခညီနောင်စစ် ကြောင်း ပြန်ကြားရေးတာ၀န်ခံက ထပ်ဆင့်ပြန်ပြောပါတယ်။

ဒါ့အပြင် အလင်း၀င်လာတဲ့ ပြည်သူ့စစ်ရဲဘော်စိုးနိုင်ကို နယ်မြေအတွင်း လွတ်လပ်စွာသွားလာခွင့်နဲ့ နေထိုင်စားသောက်ရေးတို့ကို အဆင်ပြေအောင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ပူရိယက္ခညီနောင်စစ်ကြောင်းအနေနဲ့ အလင်း၀င်လာသူနဲ့ ပတ်သက်ပြီး လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ လုပ် ဆောင်ပြီးမှ အခုလိုအသိပေးထုတ်ပြန်တာ ဖြစ်ပါတယ်။

ပုလောမြို့နယ်မှာ KNDO တပ်ဖွဲ့ရဲ့ ပူရိယက္ခ ညီနောင်စစ်ကြောင်းအနေဖြင့် ဇန်နဝါရီလကစပြီး တိုက်ပွဲတွေထိထိရောက်ရောက် ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၂၄၀ ထက်မနည်း ရှိတယ်လို့ တနင်္သာရီတိုင်း ပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပူရိယက္ခညီနောင်စစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.